
ရုရှားနဲ့ မြောက်ကိုရီးယားကြား လက်နက်ဆိုင်ရာညှိနှိုင်းမှုမှာ မြန်မြန်သွက်သွက် တိုးတက်လာနေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က စက်တင်ဘာ ၅ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ယူကရိန်းမှာ အသုံးပြုဖို့ ရုရှားကို လက်နက်တွေ ထောက်ပံ့ပေးတဲ့ အတွက် နိုင်ငံတကာအသိုင်းအဝန်းကို တန်ရာတန်ကြေး ပြန်ပေးရလိမ့်မယ်လို့လည်း ဆူလီဗန်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
မကြာသေးခင်ကပဲ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူဟာ ပြုံယမ်းကို အနှစ်သာရအားဖြင့် လက်နက်တွေတောင်းဖို့ ခရီးထွက်ခဲ့သေးတာကို တွေ့ခဲ့ပြီးဖြစ်ကြောင်းနဲ့ မြောက်ကိုရီးယားက ရုရှားကို လက်နက်တွေ ထောက်ပံ့ပေးနိုင်ခြေကို လူသိရှင်ကြား ဆွေးနွေးနေတာ တော်တော်ကြာနေပြီလို့လည်း ထပ်ပြောခဲ့ပါတယ်။
“မြောက်ကိုရီးယားဆီက ဒီလိုထောက်ပံ့မှုမျိုးရရှိဖို့ မော်စကိုဘက်က အပြင်းအထန် ကြိုးပမ်းရခြင်းရဲ့ အကြောင်းရင်းက ကျနော်တို့ဟာ ရုရှားရဲ့ ကာကွယ်ရေး စက်မှုအခြေစိုက်စခန်းကို လည်ပင်းဆက်ညှစ်ထားလို့ပဲ” လို့လည်း ဆူလီဗန်က ဆိုပါတယ်။
သူတို့ဟာ အခု အမြောက်ကျည်လို ပစ္စည်းမျိုးတွေကို ရှာတွေ့နိုင်မယ့် အရင်းအမြစ်တွေကို ရှာဖွေနေကြတာကို မြင်တွေ့နေရတယ်လို့လည်း ပြောပါတယ်။
ယူကရိန်းနိုင်ငံသားတွေကို သတ်ပစ်နိုင်မယ့် လက်နက်တွေကို ရုရှားဆီ မထောက်ပံ့ရေး လူထုကတိကဝတ်တွေကို လိုက်နာဖို့ မြောက်ကိုရီးယားကို ဆက်ပြီး တောင်းဆိုသွားမှာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်က ပြောပါတယ်။
ရုရှားကိုသွားမယ့် လက်နက်တွေအတွက် မြောက်ကိုရီးယားကို အရင်းအမြစ်အဖြစ် အသုံးပြုဖို့ ကြိုးပမ်းမှု မှန်သမျှကို တားဆီးနိုင်အောင် တိကျတဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေလည်း ချမှတ်ထားတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အခုလအတွင်း မော်စကိုကို သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ လက်နက်ထောက်ပံ့ရေး တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြောင်း အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ဘာမှပြောစရာမရှိဘူးလို့ ကရင်မလင်နန်းတော်က အင်္ဂါနေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters










