DVB Logo
Home
မြန်မာသတင်း
CDM အကူအညီပေးရေး အသင်းအဖွဲ့တခု ဖွဲ့စည်းရန် ကြိုးပမ်းနေ 
DVB
·
September 6, 2023
CDM အကူအညီပေးရေး အသင်းအဖွဲ့တခု ဖွဲ့စည်းရန် ကြိုးပမ်းနေ 
Donate to DVB

တော်လှန်ရေးကာလ ၂ နှစ်ခွဲလောက်ကြာလာတဲ့အချိန်မှာ ဒုက္ခအခက်အခဲကြားကနေ ကြံ့ကြံ့ခံ ရပ်တည်နေကြတဲ့ ပညာရေးနဲ့ ကျန်းမာရေး CDM ဝန်ထမ်းတွေကို ကူညီနိုင်ဖို့အတွက် အသင်းအဖွဲ့တခု ဖွဲ့စည်းနိုင်ဖို့  တက်ကြွလှုပ်ရှားသူတွေက ကြိုးစားနေပါတယ်။

စစ်အာဏာသိမ်းတာကို အစောဆုံး ကန့်ကွက်ခဲ့ကြတဲ့ လှုပ်ရှားမှုဖြစ်သလို အာဏာရှင် ယန္တရားကို မလည်ပတ်နိုင်အောင် အကြမ်းမဖက်တဲ့နည်းနဲ့ အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ဝန်ထမ်းတွေဟာ လက်ရှိအချိန်မှာတော့ ပင်ပန်းဆင်းရဲပြီး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ပညာရေးကဏ္ဍက တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ ဦးဖြိုးဝေအောင်က “CDM တွေဟာ ဒုက္ခအခက်အခဲကြားကနေ ကြံ့ကြံ့ခိုင်ရပ်တည်နေကြပေမယ့် တကယ့် မြေပြင်မှာတော့ အရမ်းခက်ခဲပင်ပန်းနေကြရပါတယ်။ ကျနော်ဟာ ပညာရေး CDM Supporting ကို တော်လှန်ရေးကာလ အစကတည်းက လုပ်လာခဲ့တာမို့ အစောပိုင်း ကာလတွေမှာ CDM တွေအတွက် ပြင်ပအလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေ တော်တော်များခဲ့တာကို သိရှိခဲ့ပါတယ်။ အခု တော်လှန်ရေး ၂ နှစ်ကျော်၊ ၃ နှစ်တာ ကာလ ရောက်တဲ့အခါ CDM တွေအတွက် အလှူငွေကောက်ခံတဲ့အခါမှာလည်း CDM အချင်းချင်း ဖေးမကူညီကြတဲ့သူက များပြီး ပြင်ပအလှူရှင်တွေလှူတာက နည်းပါးတာကို သတိထားမိခဲ့ပါတယ်။ ဒါကြောင့် "ငါတို့မှာ ငါတို့ပဲရှိတယ်" ဆိုတဲ့ ကျန်းမာရေးနဲ့ ပညာရေး CDM ကူညီရေး အသင်းအဖွဲ့တခုတည်ထောင်ပြီး CDM အချင်းချင်း ကူညီမှုအပြင် ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေ လာရောက်ချိတ်ဆက် လှူဒါန်းနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အရင်ကတော့ တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီနဲ့ CDM ဆရာတချို့က လစဉ်ထောက်ပံ့ကူညီကြတာကို ပြန်ခွဲဝေပေးခဲ့ပြီး အခုတော့ ကူညီတာတွေ နည်းပါး လာတာကိုတွေ့ရတယ်လို့ သူက ပြောပါတယ်။

CDM ဝန်ထမ်းအများစုဟာ သူတို့ရဲ့အိမ်တွေမှာနေထိုင်နေရတာမျိုး နည်းပါးပြီး ရှောင်တိမ်းနေကြတာရကြောင့် နေထိုင်စရာအခက်အခဲကြုံကြရသလို အလုပ်အကိုင် အသစ်ရှာရာမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ ခြိမ်းခြောက်တာတွေကြောင့် အလုပ်မခန့် ကြတာမျိုးကိုလည်း ကြုံကြရပါတယ်။

ဦးဖြိုးဝေအောင်က “အိမ်ငှားခပေးစရာမရှိလို့ အကူအညီတောင်းတာတွေ အများကြီး ကြုံတွေ့နေရပါတယ်။ အလုပ်အကိုင်ကလည်း ရှားပါးပါတယ်။ တချို့ဆိုရင် ဆန်ကလေး ၄ ဗူးကိုတောင် ချေးငှားပြီးစားနေရတဲ့သူတွေ ရှိလာတာကို တွေ့ရပါတယ်။ မိမိရဲ့ နေထိုင်ရေးအပြင် ကျန်းမာရေးအခက်အခဲတွေလည်း အများကြီးကြုံတွေ့နေရတယ်။ တချို့ CDM တွေဆိုရင် ထောင်ချခံထားရတာတွေ၊ တချို့ CDM တွေဆိုရင် သူကိုယ်တိုင်ကလည်း CDM၊ ဒါ့အပြင် သားတွေကလည်း အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်နှစ်ရှည်ကျနေတာတွေလည်း ရှိကြပါတယ်။ CDM တွေဟာ နွေဦးတော်လှန်ရေး အတွက် အများကြီးပေးဆပ်ထားကြပေမယ့် အမေ့ခံလူသားတွေ ဖြစ်နေကြပါတယ်” လို့ ပြောပါတယ်။

အဆင်မြင့်ပညာရေးဦးစီးဌာနရဲ့ CDM ဝန်ထမ်းတယောက်က “ကြားထဲမှာ ကျန်းမာရေး ကိစ္စပေါ်လာရင် ခုလို ငတ်ရော။ ငတ်ပါစေ၊ ကလေးတွေအတွက်ပဲ လိုတဲ့အချိန် အဆင်ပြေရင် ရင်ပူသက်သာပါတယ်။ ကျမတို့ကတော့ အသားနားကပ်ဖို့ မပြောနဲ့။ အသီးအရွက်တောင် မနည်းစားရတာ။ လောက်အောင်စာပြီးရင် ပြီးရော အတွေးနဲ့ စားရတာပါ။ အဲဒါကလည်း ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းမို့ နောင်တမရှိပါဘူး” လို့ ပြောပါတယ်။

အဲဒီလို CDM တွေကို ကူညီနိုင်ဖို့အတွက် အဖွဲ့အစည်းတွေရှိနေကြပေမဲ့ လိုအပ်ချက်တွေကလည်း ရှိနေဆဲဖြစ်တာကြောင့် အခုလိုစီစဉ်ရတာလို့ ဦးဖြိုးဝေအောင်က ဆိုပါတယ်။ ဒီအတွက် ဦးဆောင်သူအဖွဲ့ကို အရင်ဖွဲ့မှာ ဖြစ်ပါတယ်။

“ဦးဆောင်သူအဖွဲ့အတွက် ကျန်းမာရေးအတွက်နဲ့ ပညာရေးအတွက်ကို ညီတူညီမျှ ဖြစ်အောင် စီစဥ်ဆောင်ရွက်ပါ့မယ်။ ဦးဆောင်သူတွေကတဆင့် CDM အချင်းချင်း ကူညီမယ့်သူတွေ၊ ပြည်တွင်းပြည်ပ အလှူရှင်တွေကိုရှာဖွေပြီး အဖွဲ့ဝင်စာရင်းထဲကို ထည့်သွင်းပေးရမယ်ပေါ့။ အဓိက ဦးဆောင်သူတွေက စည်းရုံးရေးတာဝန်ကိုပါ ယူရမှာပေါ့နော်။ ပြီးတော့ ဘဏ္ဍာရေးဆပ်ကော်မတီ၊ စည်းရုံးရေးဆပ်ကော်မတီ၊ သတင်းနဲ့ပြန်ကြားရေး၊ မှတ်တမ်းရေးရာကော်မတီ စသည်ဖြင့် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ ဦးဆောင်သူတွေနဲ့ အဖွဲ့ဝင်တွေဟာ တလကို အနည်းဆုံး ၅၀၀၀ နှုန်း အလှူငွေ ထည့်ဝင်ကြဖို့ကိုလည်း ဆွေးနွေးထားပါတယ်” လို့ ပြောပါတယ်။

ပညာရေးဌာနမှာ ဒေါက်တာဘွဲ့ရတွေ၊ ပါမောက္ခတွေ၊ ကထိကတွေလို ရာထူးကြီးသူတချို့အပါအဝင် အခြေခံပညာအဆင့်မှာလည်း မူလတန်းကနေ အထက်တန်းအထိ အဆင့်ဆင့်က ဝန်ထမ်းအများအပြား CDM လုပ်ခဲ့ကြပြီး အင်အား ၁ သိန်းခွဲကျော်၊ ၂ သိန်းလောက်၊ ကျန်းမာရေးဌာနမှာတော့ CDM ဝန်ထမ်း ၈၀၀၀၀ ကျော်လောက်ရှိတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

#DVB #News #CDM #

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013