
မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းလိမ်လည်မှု နေရာ ၁၁ ခုကို ဝင်ရောက်စီးနင်းပြီး ပါဝင်ပတ်သက်နေသူ ၂၆၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်မှုကို ဖယ်ရှားဖို့အတွက် မြန်မာနိုင်ငံမြောက်ပိုင်းရှိ နေရာ ၁၁ ခုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ယူနယ်ပြည်နယ်ရဲတပ်ဖွဲ့တို့က စက်တင်ဘာ ၃ ရက်နေ့မှာ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကနေ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၁၆၈ ဦး၊ မြန်မာနိုင်ငံသား ၆၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၅ ဦးနဲ့ မလေးရှားနိုင်ငံသား ၂ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တရုတ်ဘက်က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ၂၁ ယောက်ဟာ အွန်လိုင်းလိမ်လည်မှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတွေဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်း လိမ်လည်မှုတွေ ပြုလုပ်ခဲ့သူတွေလို့ ဆိုပါတယ်။
အဆိုပါ စီးနင်းဖြိုခွင်းဖမ်းဆီးမှုတွေကို ဘယ်နေရာ ဘယ်မြို့တွေမှာ ဘယ်လို ပြုလုပ်ခဲ့တယ် ဆိုတာကိုတော့ တရုတ်ပြည်သူ့လုံခြုံရေးဌာနဘက်ကကော မြန်မာဘက်ကပါ အသေးစိတ် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နင်းဖို့အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သြဂုတ် ၁၅ ရက်က ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ်တို့ပူးပေါင်းပြီး ညှိနှိုင်းရေးစင်တာတခု တည်ထောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းလိမ်လည်မှုနဲ့ ပြန်ပေးဆွဲမှုတွေ အပါအဝင် ရာဇဝတ်မှုများ ပြုလုပ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရှိတယ်လို့ တရုတ်လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
Photo - South China Morning Post










