DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် အလုပ်သမားအရေး လှုပ်ရှားသူများကို စစ်ကောင်စီပြန်လွှတ်
DVB
·
September 5, 2023
ဖမ်းဆီးခံထားရသည့် အလုပ်သမားအရေး လှုပ်ရှားသူများကို စစ်ကောင်စီပြန်လွှတ်
Donate to DVB

စစ်ကောင်စီက ဇွန်လအတွင်း အနည်းဆုံးလုပ်ခ တိုးမြှင့်ပေးဖို့ တောင်းဆိုမှုကြောင့် ဖမ်းဆီးထားတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားတွေကို ကူညီပေးနေသူတွေကို စက်တင်ဘာ ၄ ရက် မနေ့က ပြန်လွှတ်လိုက်တယ်လို့ Action Labor Rights အဖွဲ့က ပြောပါတယ်။

အနည်းဆုံးလုပ်ခ တိုးမြှင့်တောင်းဆိုရာမှာ ဦးဆောင်သူတွေဖြစ်တဲ့ ဟိုစိမ့်(မြန်မာ)စက်ရုံမှ အလုပ်သမား ၅ ဦး၊ Sun Apparel စက်ရုံမှ အလုပ်သမား ၂ ဦး၊ Action Labor Rights အဖွဲ့ဝင် ၄ ဦးနဲ့ အလုပ်သမားတွေ အစည်းအဝေးလုပ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တို့ကို စစ်ကောင်စီက ဇွန်လဒုတိယအပတ်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အဲဒီသူတွေကို အလုပ်သမားရုံးက အကြီးအကဲတွေ သွားရောက်တွေ့ဆုံပြီး မနေ့က တပြိုင်တည်း လွှတ်ပေးလိုက်တာလို့ Action Labor Rights အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က ပြန်သာလွတ်လာတာ ပုဒ်မတပ် တရားစွဲထားတာ မရှိဘူး။ အင်းစိန်ထောင်ထဲ ရောက်နေသူတွေရော၊ ရွှေပြည်သာက စစ်ကြောရေး ပို့ခံထားရသူတွေပါ ပြန်လွှတ်ပေးလိုက်တာ။”

ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို နောက် အခုလိုတွေ မလုပ်ဖို့ဆိုပြီး အရပ်ဘက် ဌာနဆိုင်ရာပုဂ္ဂိုလ်တွေက မှာကြားလိုက်သေးတယ်လို့လည်း သိရပါတယ်။

အဲဒီအလုပ်သမားတွေကို ဖမ်းဆီးထိန်းသိမ်းရတာဟာ ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်လို့ဆိုပြီး စစ်ကောင်စီဘက်က ကနဦး သတင်းထုတ်ပြန်ခဲ့သလို ထွက်ပြေးတိမ်းရှောင်နေတဲ့ Action Labor Rights အဖွဲ့က နှစ်ဦးကိုလည်း ဝရမ်းထုတ်ခဲ့ပါသေးတယ်။

Action Labor Rights အဖွဲ့ တာဝန်ရှိသူက “ဖမ်းထားတဲ့သူတွေကိုတောင် ပြန်လွှတ်ပေးလိုက်တော့ ဝရမ်းလည်း မရှိတော့ဘူးလို့ ယူဆရတာပေါ့။ ရှင်းရှင်းလင်းလင်းတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေကို အပြစ်မရှိဘဲ လနဲ့ချီ ချုပ်နှောင်ဖမ်းဆီးခဲ့တဲ့အပေါ် အလုပ်သမားအရေး လှုပ်ရှားသူတွေက ဝေဖန်နေပါတယ်။

အဲဒီအလုပ်သမားတွေကို ပြန်လွှတ်ပေးလိုက်ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ အလုပ်သမားအဖွဲ့ချုပ် တာဝန်ရှိသူတွေ၊ သမဂ္ဂဝင်တွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ၂၀၀ နီးပါးဟာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

အဲဒီထဲကမှ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ သမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်မှာ ဇွန်လကုန်ပိုင်းက လွတ်ရက်စေ့ခဲ့ပေမဲ့ မိသားစုဆီ ပြန်ရောက်မလာဘဲ အဆက်အသွယ် ပြတ်နေခဲ့တယ်လို့ သူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013