
ကရင်နီ(ကယား)ပြည်နယ်မှာ ဩဂုတ်လအတွင်း တိုက်ပွဲအကြိမ်ရေ ၅၀ လောက် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၁၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂ ရက်ကစပြီး စစ်ကောင်စီက ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ဖို့အတွက် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့သလို မယ်စဲ့မြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက်လည်း ဖားဆောင်းမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ဖယ်ခုံမြို့နယ်ကနေ လွိုင်ကော်မြို့နယ်အထိ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒီးမော့ဆိုမြို့နယ် နန်းဖယ်ခုံရွာမှ ဒေါငံခါးရွာအထိ အင်အားဖြန့်ကြက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီ ပူးပေါင်းတပ်တွေက အဆက်မပြတ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဩဂုတ်လအတွင်း ဒီးမော့ဆိုမြို့နယ် စစ်မျက်နှာက တိုက်ပွဲတွေအတွင်းမှာ KNDF ရဲဘော် ၅ ဦး ကျဆုံးခဲ့ပါတယ်။
KNDF ပြန်ကြားရေးတာဝန်ခံက “ဒီရက်ထဲ စစ်ရေးအခြေအနေကတော့ ဒီးမော့ဆိုနဲ့ ဖရူဆိုကြားမှာတော့ စောင့်ကြည့် အနေအထား ဖြစ်နေပါတယ်။ ကရင်နဲ့ ကရင်နီနယ်စပ်ကိုလည်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေရှိလို့ တိုက်ပွဲကတော့ အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့ အနေအထားပါ” လို့ ပြောပါတယ်။
ဩဂုတ်လအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း ပြည်သူ ၂ ဦး ထပ်မံသေဆုံးခဲ့ရကာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။










