DVB Logo
Home
မြန်မာသတင်း
ပီအာစနစ်မကျင့်သုံးရေး ဆန္ဒဖော်ထုတ်ပွဲများ ရန်ကုန်တွင် ပြုလုပ်မည်
DVB
·
July 31, 2014
ပီအာစနစ်မကျင့်သုံးရေး ဆန္ဒဖော်ထုတ်ပွဲများ ရန်ကုန်တွင် ပြုလုပ်မည်
Donate to DVB

ရွေးကောက်ပွဲတွေမှာ မူလကျင့်သုံးနေတဲ့ မဲအသာရသူ အနိုင်ရစနစ်အစား အချိုးကျကိုယ်စားပြု (ပီအာ) စနစ် ပြောင်းလဲ ကျင့်သုံးဖို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ လွှတ်တော်အမတ် ၂ ဦးက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုပြုခဲ့တာပါ။

parliment 1လက်ရှိ လွှတ်တော် ၂ ရပ်မှာ အချိုးကျကိုယ်စားပြုစနစ်ကို အာဏာရ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်တွေ ထောက်ခံပြီး တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်နေချိန် လွှတ်တော်ပြင်ပမှာ ကန့်ကွက် ဆန္ဒပြဖို့ ပြင်ဆင်နေတာပါ။

အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးမယ်ဆိုရင် အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲမှာပါ သဘောထားကွဲလွဲတာတွေ ဖြစ်လာနိုင်တဲ့အတွက် သြဂုတ် ၅ ရက်နေ့မှာ ကန့်ကွက် ဆန္ဒပြ သွားမယ်လို့ ဦးဆောင်လှုပ်ရှားသူတွေက ပြောဆိုပြီး ဆန္ဒပြခွင့်အတွက် လူအင်အား ၁၀၀၀ ခွင့်ပြုချက် တင်ထားတယ်လို့ ဆိုပါတယ်။

ဒီစနစ်ဟာ မြန်မာပြည်ရဲ့ ဓလေ့၊ လူမှုပတ်ဝန်းကျင်နဲ့လည်း မကိုက်ညီပါဘူးလို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မှုတွေကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်အဖွဲ့ဝင် ဦးမြတ်ကျော်က ပြောပါတယ်။

“ကျနော်တို့က ၅ ရက်နေ့ နေ့လယ် ၁ နာရီကို မြို့တော်ခန်းမရှေ့ မှာစုပြီး မဟာဗန္ဓုလ လမ်းမပေါ်ကနေ ပန်းဆိုးတန်းလမ်းကို ဖြတ်လျှောက်ပြီးတော့ ကမ်းနားလမ်းပြီးလို့ရှိရင် ဆူးလေ ဘုရားလမ်းအတိုင်း ပတ်ပြီးတော့ မြို့တော်ခန်းမရှေ့ ဧမာနွေလ ဘုရားကျောင်းရှေ့မှာ ရှင်းလင်းပွဲ လုပ်မယ်။ မနေ့က ကျောက်တံတားမြို့နယ်ရဲစခန်းမှာ ခွင့်ပြုမိန့် သွားယူထားတယ်။ ပီအာစနစ် ကျင့်သုံးရင် လွှတ်တော်ထဲမှာရော၊ အစိုးရအဖွဲ့မှာရော အားနည်းပြီးတော့ သဘောထား ကွဲလွဲမှုတွေ အများကြီး ဖြစ်ပေါ်လာနိုင်တယ်။ နောက်တချက်က အစွန်းရောက်အဖွဲ့အစည်းတွေက ပါတီထောင်ပြီး မဲယူပြီးတော့ လွှတ်တော်ထဲကို ရောက်လာနိုင်တယ်။ အဓိကတော့ မြန်မာပြည်ရဲ့ ပညာရေချိန်၊ မြန်မာပြည်ရဲ့ လူမှုပတ်ဝန်းကျင်နဲ့ မကိုက်ညီသေးဘူး။ တိုင်းပြည်မှာ အန္တရာယ်ရှိတဲ့ အတွက် မကျင့်သုံးစေချင်တာ။”

ဆန္ဒဖော်ထုတ်ပွဲမှာ ဒီမိုကရေစီအင်အားစု၊ ကြည့်မြင်တိုင်လူမှုကွန်ရက်နဲ့ တခြားအဖွဲ့တွေ လည်း ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းထားတဲ့ ပီအာစနစ် ကန့်ကွက် ဆန့်ကျင်ရေးကော်မတီကလည်း သြဂုတ် ၉ ရက်နေ့မှာ ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ ကော်မတီဝင်တယောက်ဖြစ်တဲ့ ဦးလှညွန့်က ပြောပါတယ်။

“ဦးလေးတို့ ခေတ်အဆက်ဆက် မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ လုပ်ခဲ့တယ်။ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်ကို လွယ်လွယ်ကူကူနဲ့ မဲထည့်လို့ရတယ်။ ဆန္ဒပေးလို့ရတယ်။ အလွယ်ဆုံးစနစ် ရှိနေတယ်။ အဲဒီလို အလွယ်ဆုံးစနစ် ရှိနေပါလျက်နဲ့ အခုလို ပီအာစနစ်ဆိုတဲ့ ရှုပ်ထွေးမှုစနစ် ပြဋ္ဌာန်းရတာဟာ တော်တော်အံ့သြစရာ ဖြစ်နေတယ်။ နောက် ၂၀၁၅ ရွေးကောက်ပွဲ နီးလာပြီ။ လုပ်ငန်းစဉ်တွေ မြောက်မြားစွာ ရှိပါလျက်နဲ့ ရှုပ်ထွေးပွေလီအောင် ပြဿ နာတခုကို မီးမွှေးတယ်လို့ ဦးလေးတို့ ယူဆတယ်။ နောက်တခုက ၂၀၀၈ အခြေခံဥပဒေထဲမှာ ပီအာစနစ်ဆိုတာ မပါဘူး။ အခုကျင့်သုံးနေတဲ့ စနစ်ကို ရိုသေလိုက်နာပါမယ်လို့ ပြောထားပါလျက်နဲ့ ပီအာစနစ်ကို သီးခြားတင်တာဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်။ အဲဒီလို သဘောထားတဲ့အတွက် ဦးလေးတို့က ဒီစနစ်ကို ဆန့်ကျင် ကန့်ကွက်ရခြင်းဖြစ်တယ်။”

ဆန္ဒဖော်ထုတ်ဖို့အတွက် လူဦးရေ ၂၀၀ ခွင့်ပြုချက်တင်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပီအာစနစ် ကျင့်သုံးဖို့ အဆိုတင်သွင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ တပါတီတည်း ကြီးစိုးနေတဲ့စနစ်ကို မကြိုက်လို့ ပီအာစနစ်ကို ကျင့်သုံးဖို့ လွှတ်တော်ကို တင်တာပါလို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဒီအဆိုတင်သွင်းခဲ့တဲ့နေ့က တိုင်းရင်းသားပါတီတွေရဲ့ အမတ် အားလုံးနီးပါးက ကန့်ကွက်တဲ့အနေနဲ့ လွှတ်တော်ကို မတက်ပဲနေခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013