DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ထိုင်းဘတ်ငွေအတုများ သတိထားရန် အာဏာပိုင်များ သတိပေး
DVB
·
July 31, 2014
ထိုင်းဘတ်ငွေအတုများ သတိထားရန် အာဏာပိုင်များ သတိပေး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း တရန်းခရိုင်မှာ ဘတ်ငွေအတုတွေ တွေ့ရှိခဲ့ပြီးတဲ့နောက် ငွေစက္ကူတွေ သတိထားသုံးစွဲဖို့ ထိုင်းနိုင်ငံတော်ဘဏ်က ပြည်သူတွေကို သတိပေးထားပါတယ်။

1000 bahtဘဏ်လည်ပတ်မှုငွေထဲမှာလည်း 9 - A 3828862 နဲ့ 9 - A 3828863 နံပါတ်ပါ ဘတ်ငွေ ၁ ထောင်တန် ၂ ရွက် ၀င်ရောက်လာတာ တွေ့ရှိရပြီး အဲဒီငွေစက္ကူ ၂ ရွက်ဟာ အစစ်နဲ့ အလွယ်တကူ ခွဲခြား သိမြင်နိုင်ကြောင်း၊ အဓိကအချက်မှာ ထိုင်းဘုရင်ပုံမှာ ရေစာ မပါရှိဘဲ ရောင်စုံပုံနှိပ်စက်နဲ့ ထုတ်ထားကြောင်း ဘဏ်တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ထိုင်းရုပ်သံသတင်းဌာန ချန်နယ် ၇ မှာ ဖော်ပြသွားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ မြောက်ပိုင်း အိဆန်ဒေသ နယ်စပ်ဈေးထဲမှာလည်း ဘတ် ၁၀၀ တန်နဲ့ ၅၀၀ တန် ငွေစက္ကူ အချို့ တွေ့ရှိရကြောင်း သတင်းရရှိတဲ့အတွက် ထွက်ရှိရာနေရာကို စုံစမ်း စစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ ဘဏ်တာဝန်ရှိသူတွေက ပြောပါတယ်။

ငွေစက္ကူ အတုနဲ့ အစစ် ခွဲခြားသိရှိနိုင်ဖို့ နည်း ( ၃ ) နည်းမှာ - ငွေစက္ကူအစစ်ဆိုရင် ငွေစက္ကူသားမှာ ကျစ်လျစ်ခိုင်မာခြင်း၊ အလွယ်တကူ ခေါက်ခြင်း ဆွဲဆန့်ခြင်းကို ခံနိုင်ခြင်း၊ ဘတ်ငွေတန်ဖိုးနဲ့ ထိုင်းအစိုးရလို့ ဖော်ပြထားတဲ့စာလုံးမှာ အနည်းငယ် ဖောင်းကြွနေခြင်းတို့ ဖြစ်ပါတယ်။

ငွေစက္ကူ ဘယ်ဘက်ထောင့်ကို စောင်းကြည့်လိုက်ရင်သော်လည်းကောင်း၊ လက်နဲ့ စမ်းသပ် ကြည့်လိုက်ရင်သော် လည်းကောင်း ရေစာနဲ့ ဖော်ပြထားတဲ့ ငွေသားတန်ဖိုးကို တွေ့ရှိမှာ ဖြစ်ပြီး ညအချိန် အရောင်းအ၀ယ်လုပ်သူတွေအနေနဲ့ ငွေစက္ကူ စစ်ဆေးတဲ့စက်ပါ ဆောင်ထား သင့်တယ်လို့ ဆိုပါတယ်။

ငွေစက္ကူအတု ဒါမှမဟုတ် အတုလို့ သံသယရှိတဲ့ ငွေကို လက်ခံရရှိသူတွေအနေနဲ့ သုံးစွဲခြင်း မပြုဘဲ ရဲကို အကြောင်းကြားဖို့၊ ငွေစက္ကူအတုတွေ ဖမ်းဆီးရမိအောင် အကြောင်းကြား နိုင်သူကို ဆုငွေချီးမြှင့်မယ်လို့လည်း ဘဏ်ဝန်ထမ်းကပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းရတ်သတင်းမှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ညက တရန်းခရိုင် တရန်းမြို့ ဖတ်ထလုန်းလမ်းမပေါ်က အဖျော်ယမကာဆိုင်တခုမှာ ဘတ် ၁၀၀၀ တန်ငွေအတုနဲ့ ဈေးလာဝယ်တာ ခံလိုက်ရတယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီမြို့က ဈေးဆိုင်တွေမှာလည်း ဘတ် ၁၀၀၀ တန် ၆ ရွက်၊ ၂ ရွက်နဲ့ ၁ ရွက်စသဖြင့် တွေ့ရှိကြောင်း၊ အချို့က ရဲစခန်းမှာ သွားအပ်ပြီး ဈေးသည်တဦးကတော့ အများပြည်သူ သိရှိအောင် ငွေအတုကို ဆိုင်ရှေ့မှာ စာရေးပြီး ကပ်ပြထားတယ်လို့ ဖော်ပြသွားပါတယ်။

ထိုင်းဥပဒေအရ ငွေစက္ကူအတုမှန်းသိလျက်နဲ့ သုံးစွဲနေရင် ငွေအနည်းအများကိုလိုက်ပြီး ထောင်ဒဏ် ၁ နှစ်မှ ၁၅ နှစ်သော်လည်းကောင်း၊ ငွေဒဏ် ဘတ် ၂ ထောင်မှ ၃ သောင်းထိ ကျခံရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013