DVB Logo
Home
မြန်မာသတင်း
သြဂုတ်လအတွင်း စစ်ကိုင်းတိုင်း၌ နေအိမ် ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ 
DVB
·
September 4, 2023
သြဂုတ်လအတွင်း စစ်ကိုင်းတိုင်း၌ နေအိမ် ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ 
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးမှာ သြဂုတ်လအတွင်း ပြည်သူလူထုတွေရဲ့ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ပါတယ်။

NUG လက်အောက်ခံ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့  မီးသတ် ဦးစီးဌာနတို့က  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ မီးရှို့ဖျက်ဆီးမှုတွေကို စာရင်းပြုစုပြီး စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်မှာ စစ်ကိုင်းတိုင်းက မီးရှို့ခံရမှု အကြိမ် ၂၇ ကြိမ်တွင် မီးလောင်ပျက်စီး နေအိမ် ၁၁၂၈ လုံး၊ စာသင်ကျောင်း တကျောင်း၊ ဘာသာရေး အဆောက်အဦ တလုံး၊ ဆေးရုံ တရုံ ရှိခဲ့ကြပြီး မီးရှို့ သတ်ဖြတ်ခံရသူ လေးယောက် ရှိခဲ့ပါတယ်။

စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက "ကျနော်တို့ စစ်ကိုင်းတိုင်းကတော့ ပြည်သူ ထိခိုက်နစ်နာမှုကတော့ တနိုင်ငံလုံးမှာ ရှိတဲ့ အခြေအနေထက်စာရင် ကိန်းဂဏန်းအားဖြင့် ကျနော်တို့တိုင်းက ၅၀ ရာခိုင်နှုန်းကျော်မှာ ရှိတယ်ဗျ။ နေအိမ် ဖျက်ဆီး မီးရှို့ခံရတဲ့ အကြောင်းကိစ္စတွေ၊ အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှု ကိစ္စတွေက ကျနော်တို့ တိုင်းကတော့ အများဆုံး ဖြစ်တယ်ပေါ့။ လက်ရှိမှာတော့ ပြည်သူတွေကို ကူညီ ကယ်ဆယ်ရေး ကိစ္စတွေက လုပ်နေကြတာတွေ၊ ဆောင်ရွက်နေကြတာတွေတော့ ရှိတယ်ပေါ့။ သို့သော် ဒီထက်ပိုပြီးတော့ ပြည်သူတွေ အကူအညီ ရသင့်တယ်၊ စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေး အဖွဲ့ကတော့ "စစ်ကိုင်းပြည်သူဖေးမကူ" ဆိုတဲ့ အတိုင်း စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး ကွန်ရက်တစ်ခုကို ဖွဲ့စည်းပြီးတဲ့အခါကျတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အဓိကကတော့ စစ်ကိုင်းတိုင်းနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်း အချက်အလက်တွေကို စုစည်းပြီးတော့ ပြည်သူကို ထိရောက်တဲ့ အကူအညီတွေပေးဖို့ ကျနော်တို့ ကြိုးစားနေတာရှိပါတယ်။ လက်ရှိအနေနဲ့ကတော့ နိုင်ငံတကာဘက်ကရော အကူအညီ ရရှိမှုဟာ စစ်ကိုင်းတိုင်းအတွက် နည်းပါးနေပါသေးတယ်။ လိုအပ်တဲ့ အကူအညီတွေ ထပ်မံရရှိနိုင်ဖို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း စစ်ကိုင်းတိုင်းကို ပိုမိုကူညီပေးကြဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံ တောင်းဆိုလိုပါတယ်” လို့ ပြောပါတယ်။

NUG အစိုးရ အနေနဲ့လည်း စစ်ကိုင်းတိုင်းက ပြည်သူတွေကို လူသားချင်း စာနာထောက်ထားရေး အကူအညီတွေကို ပိုပြီး ပေးအပ်ဖို့ တောင်းဆိုသွားပါတယ်။

ပျက်စီးဆုံးရှုံးမှု ဒုတိယအများဆုံး ဖြစ်တဲ့ မကွေးတိုင်းမှဦ မီးရှို့ခံရအကြိမ် ၈ ကြိမ်မှာ မီးလောင် ပျက်စီး နေအိမ် ၃၁၃ လုံး၊ မီးရှို့ သတ်ဖြတ်ခံရသူ တဦးဖြစ်ပြီး ပဲခူးတိုင်းက မီးရှို့ခံရအကြိမ် ၂ ကြိမ်မှာ မီးလောင်ပျက်စီး နေအိမ် ၉၂ လုံး ရှိကာ၊ မန္တလေးတိုင်းမှာတော့ မီးရှို့ခံရအကြိမ် ၂  ကြိမ်မှာ မီးလောင်ပျက်စီး နေအိမ် အလုံး ၈၀ ရှိပါတယ်။

ကချင်ပြည်နယ်မှာလည်း မီးရှို့ခံရအကြိမ် ၂ ကြိမ်မှာ မီးလောင်ပျက်စီးနေအိမ် ၆၇ လုံး၊ ကယားပြည်နယ်မှာ မီးရှို့ခံရအကြိမ် ၄ ကြိမ်မှာ မီးလောင်ပျက်စီး နေအိမ် ၄၆  လုံး၊စာသင်ကျောင်း တကျောင်း၊ တနင်္သာရီတိုင်းမှာ မီးရှို့ခံရအကြိမ် ၂ ကြိမ်မှာ မီးလောင်ပျက်စီးနေအိမ် ၁၆ လုံးနဲ့ ကရင်ပြည်နယ်မှာတော့ မီးရှို့ခံရအကြိမ် ၁ကြိမ်မှာ မီးလောင်ပျက်စီး နေအိမ် ၆ လုံးတို့ ရှိကြတယ်လို့ ဆိုပါတယ်။

ယခု ထုတ်ပြန်ဖော်ပြတဲ့ အချက်အလတ်များဟာ လွတ်လပ်သောသတင်း မီဒီယာများ၊ အရပ်ဖက် အဖွဲ့စည်းများ၊ ထုတ်ပြန်ချက်တွေနဲ့  မြေပြင်ရှိ ပြည်သူလူထုက ပေးပို့တဲ့ သတင်းအချက်အလတ်တွေကို စိစစ်ဖော်ပြခြင်း ဖြစ်ကြောင်း ဆိုပါတယ်။

[Photo - လေးမြို့နယ်၊ သာစည်ကျေးရွာရှိ နေအိမ်များကို ဩဂုတ်လ ၁၆ ရက်နေ့မှ ခြောက်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခံရစဥ်]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013