DVB Logo
Home
မြန်မာသတင်း
အသက် ၃၀ ကျော် မသမာသူများစာရင်းတွင် ခရိုနီ ဦးတေဇ အပါအဝင် လုပ်ငန်းရှင် ၉ ဦးပါဝင်
DVB
·
September 4, 2023
အသက် ၃၀ ကျော် မသမာသူများစာရင်းတွင် ခရိုနီ ဦးတေဇ အပါအဝင် လုပ်ငန်းရှင် ၉ ဦးပါဝင်
Donate to DVB

အသက် ၃၀ အထက် မသမာသူများ (Dirty Over 30) စာရင်းကို Justice For Myanmar အဖွဲ့က ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာ ခရိုနီ ဦးတေဇအပါအဝင် လုပ်ငန်းရှင် ၉ ယောက်အကြောင်းကို ထည့်သွင်းဖော်ပြလိုက်ပါတယ်။

ဒါဟာ မြန်မာစစ်ရာဇဝတ်ကောင်တွေဆီ ဘဏ္ဍာငွေနဲ့ စစ်လက်နက်တွေ ပေးအပ်နေတဲ့ သူဌေးကြီးတွေကို ပိတ်ဆို့ဟန့်တားရေး စင်ကာပူနိုင်ငံကို ဖိအားပေးဖို့အတွက် နာမည်ကျော် ဖို့ဘ်မဂ္ဂဇင်းရဲ့ Forbes 30 Under 30 ကို အတုယူပြီးတော့ သရော်ရှုတ်ချတဲ့အနေနဲ့ ထုတ်ပြန်လိုက်တာပါ။

အခုထုတ်ပြန်လိုက်တဲ့  ဝိသမထွဋ်ခေါင် လုပ်ငန်းရှင် ၉ ယောက်ထဲမှာတော့ မြန်မာနိုင်ငံအတွင်း ရက်စက် ကြမ်းကြုတ်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် ငွေကြေးထောက်ပံ့နေပြီး စင်ကာပူနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြတဲ့ ကြွယ်ဝမှုအမြောက်အမြား ပိုင်ဆိုင်ထားသူတွေ ဖြစ်ကြတဲ့ ထူးကုမ္ပဏီများအုပ်စု တည်ထောင်သူ ဥက္ကဋ္ဌ တေဇ၊ International Gateways ကုမ္ပဏီအုပ်စု တည်ထောင်သူ မန်နေဂျင်းဒါရိုက်တာ နိုင်ထွဋ်အောင်၊ Myanmar Chemical & Machinery Group တည်ထောင်သူ မန်နေဂျင်းဒါရိုက်တာ အောင်လှိုင်ဦး၊ Dynasty ကုမ္ပဏီအုပ်စုတည်ထောင်သူ ဒါရိုက်တာ အောင်မိုးမြင့်၊ Star Sapphire ကုမ္ပဏီအုပ်စုတည်ထောင်သူ မန်နေဂျင်းဒါရိုက်တာ ထွန်းမင်းလတ်၊ Asia Sun ကုမ္ပဏီအုပ်စုတည်ထောင်သူ ဒါရိုက်တာ ခင်ဖြူဝင်း၊ KT Group အမှုဆောင်အရာရှိချုပ် ဂျိုနသန်မျိုးကျော်သောင်း၊ ရွှေဗျိုင်းဖြူကုမ္ပဏီများအုပ်စု တည်ထောင်သူ ဥက္ကဋ္ဌ သိန်းဝင်းဇော်၊ ရင်းနှီးမြှုပ်နှံသူ ကျော်ကျော်ထွန်း (ခ) George Yin Soon တို့ကို ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာစစ်အုပ်စုဆီ ဘဏ္ဍာငွေတွေနဲ့ စစ်လက်နက်တွေ ရောက်ရှိမှုတွေကို ပိုပြီးတော့ ထိရောက်စွာ ပိတ်ဆို့ဟန့်တားနိုင်ဖို့ စင်ကာပူနိုင်ငံနဲ့တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အပေါ် ဖိအားပေးဖို့အတွက် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၃ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အခုလှုပ်ရှားတောင်းဆိုမှုကို Justice For Myanmar အဖွဲ့က စတင် လိုက်တာဖြစ်ပြီး နောက်ထပ်ထုတ်ပြန်မှုတွေမှာလည်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကနေ အကျိုးအမြတ် ရှာဖွေရရှိနေတဲ့ တခြားဒေသတွေက သူဌေးကြီးတွေအကြောင်း ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူအစိုးရအနေနဲ့ မြန်မာနိုင်ငံဆီ စစ်လက်နက်တွေ ရောက်ရှိမှုကို ရပ်တန့်မှာဖြစ်တယ်လို့ လူသိရှင်ကြား ကတိကဝတ် ပြုထားပြီးဖြစ်ပေမယ့် သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟာ အခုအချိန်အထိ လုံလောက်မှုမရှိသေးကြောင်းနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်ရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာစစ်အုပ်စုနဲ့ အမေရိကန် ဒေါ်လာ ၂၄၇ သန်းတန်ဖိုးရှိတဲ့ စင်ကာပူအခြေစိုက် သိသာထင်ရှားတဲ့ ကုန်သွယ်ရေး ကုမ္ပဏီ ၁၃၈ ခုကို ဖော်ပြထားခဲ့တယ်လို့ Justice For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါအစီရင်ခံစာထဲမှာတော့ စင်ကာပူ အစိုးရအနေနဲ့ သူတို့ရဲ့ အချုပ်အခြာနယ်မြေ ကနေ မြန်မာစစ်အုပ်စုဆီ လက်နက်ရောင်းဝယ်မှုအားလုံးကို အောင်မြင်စွာ ရပ်တန့်နိုင် မယ်ဆိုပါက စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်စွမ်းကို သိသိသာသာ ဟန့်တား နှောက်ယှက်နိုင်မှာဖြစ်တယ်လို့ သုံးသပ်တင်ပြထားပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုက ကလေးသူငယ်တွေ အပါအဝင် အနည်းဆုံး လူပေါင်း ၄,၀၂၃ ယောက်ကို သတ်ဖြတ်ထားပြီး အကြီးအကျယ် ညှင်းပမ်းနှိပ်စက်မှုတွေ ကျူးလွန်ကာ လူပေါင်း ၂၄,၀၀၀ ကျော်ကို တရားဥပဒေမဲ့ ဖမ်းဆီးအကျဉ်းချထားခဲ့တာပါ။

ဒါ့အပြင် အဆင်ခြင်မဲ့လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လူပေါင်းများစွာကို သတ်ဖြတ်ထားပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေအတွက် လေယာဉ်ပစ္စည်းအစိတ်အပိုင်းတွေ၊  လေ ယာဉ်ဆီတွေနဲ့ ဗုံးနဲ့ ကျည်ဆန်တွေ ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေတင် သွင်းတာတွေကို ဆက်လက် လိုအပ်နေတာ ဖြစ်ပါတယ်။ 

ဒါကြောင့်မို့  စင်ကာပူနိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုဆီ စစ်လက်နက်တွေ၊ အရပ်ဘက်-စစ် ဘက်နှစ်မျိုးသုံးပစ္စည်းတွေနဲ့ နည်းပညာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ လွှဲပြောင်းပေးအပ်နေမှုကို ရပ်တန့်ရေးအတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့၊ စစ်အုပ်စု ဘဏ်တွေအပါအဝင် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကတဆင့် စင်ကာပူဘဏ္ဍာရေးစနစ်ကို စစ်အုပ်စုက အသုံးပြုနေမှုကို ပိတ်ဆို့ဖြတ်တောက်ဖို့၊ မြန်မာစစ်အုပ်စုဆီ တင်သွင်းရောင်းချခဲ့တဲ့ စင်ကာပူကုမ္ပဏီတွေအပေါ် လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံး ဆောင်ရွက်ပြီး အများပြည်သူကို ထုတ်ပြန်ပေးဖို့နဲ့ မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအပေါ် တခြားအာဆီယံနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုပြုလုပ်လာရေး တွန်းအားပေးဖို့စတာတွေကို Justice For Myanmar အဖွဲ့က “အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” လှုပ်ရှားမှု နဲ့အတူ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013