
ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာက စစ်ကောင်စီအထိုင်တပ်ကို စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ယောက်သေဆုံးသလို ထိခိုက်ဒဏ်ရာရတာလည်းရှိတယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
သားကျင်ရွာက စစ်ကောင်စီတပ်အထိုင်ချထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ချ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကလည်း ပြန်တုံ့ပြန်ခဲ့တယ်လို့ ငါန်းဇွန်ပကဖက တာဝန်ရှိသူ ဗိုလ်သူရိန်က ဆိုပါတယ်။
"ဒရုန်းတစင်းနဲ့ ဗုံးသီး ၈ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က လက်နက်ကြီး ၄ ချက်၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်ခဲ့တယ်။ စစ်တပ်ဘက်ကအရာရှိ ၁ ယောက် ပြင်းထန် ဒဏ်ရာရပြီး ၂ ယောက်သေတယ်လို့သိထားရပါတယ်" လို့ ဗိုလ်သူရိန်က ပြောပါတယ်။
ထိခိုက် ဒဏ်ရာရသေဆုံးသူတွေကို ညအချိန်မှ ကားနဲ့လာသယ်သွားခဲ့တယ် လို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ငါန်းဇွန် ပကဖ၊ Black Eagle Force၊ Black Eagle၊ Drone Force၊ ငါန်းဇွန် ပကဖ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါင်းဖိုက်တာ ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့နဲ့ ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။