
ဩဂုတ် ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၉ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက စနိုက်ပါနဲ့ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး မုံရွာမြို့နယ်မှာတော့ စစ်ကောင်စီ ဂိတ်စခန်းကို PDF တို့က မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်တွေမှာတော့ စစ်ကောင်စီတပ်တွေနဲ့ TNLA တို့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သလို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီစခန်းကို Cobra Column 2 စစ်ကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ရွှေကျင်မြို့နယ်မှာတော့ စစ်ကောင်စီ တပ်ရင်းကို KNLA+PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀၀၀ လောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။











