
စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး-တမူးလမ်းမပေါ်က ခါမ်းပါတ်-ဘုတ်ကန်လမ်းမကို ပြန်လည်အသုံးပြုလို့ရပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၃၁ ရက်မှာ စစ်ကောင်စီတပ်သားတွေက တပ်နေရာ ရွှေ့ပြောင်းရာကနေ လမ်းပွင့်သွားတာလို့ ဆိုပါတယ်။
ဘုတ်ကန်ရွာအနီး ဒေသခံတဦးက “စစ်သားတွေက ကျောက်မီးသွေးစခန်းကနေ နေရာပြောင်းသွားတာကနေ လမ်းကို ပြန်သုံးကြတာ။ စစ်သားတွေ တပ်စွဲတုန်းက လမ်းကို သွားလို့မရဘူး၊ ၂ လကျော်ကို ပိတ်ခဲ့တာ။ တိုက်ပွဲတွေရော ဆက်တိုက်ဖြစ်ခဲ့တာ။ အခုတော့ သွားလို့ရသွားပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်က ထင်းဇင်ရွာနဲ့ ဘုတ်ကန်ရွာအကြားက YCDC လို့ခေါ်တဲ့ ကျောက်မီးသွေး သိုလှောင်စခန်းမှာ ဇူလိုင်လဆန်းပိုင်းက စတင်တပ်စွဲပြီးနောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ရာကနေ ခမ်းပါတ်-ဘုတ်ကန်လမ်း ပိတ်နေခဲ့တာပါ။
ခါမ်းပါတ်-ဘုတ်ကန်လမ်းပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် တာဝန်ရှိသူတဦးက “တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ခဲ့တယ်။ သူတို့ဘက်က လေကြောင်းတွေလည်း ပစ်ကူတယ်။ နှစ်ဖက်ထိခိုက်မှုတွေလည်း ရှိခဲ့တယ်။ သူတို့ဘက်က အထိနာလို့ နေရာရွှေ့သွားတာဖြစ်နိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
YCDC ကျောက်မီးသွေးသိုလှောင်စခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တမူးမြို့နယ်ထဲက ဝိတုတ်ရွာဘက်ကို ပြောင်းရွှေ့သွားတယ်လို့ ပြောကြပါတယ်။
လက်ရှိ ခါမ်းပါတ်-ဘုတ်ကန်လမ်းပိုင်း ပွင့်သွားပေမဲ့ မိုင် ၈၀ ကျော် ကွာဝေးတဲ့ ကလေး-တမူးလမ်းက တိုက်ရိုက်မပွင့်သေးဘဲ ၂၄ မိုင်ကွာဝေးတဲ့ ဘုတ်ကန်-တမူးလမ်းပိုင်းမှာ ပိတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











