တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ် တလုံးနဲ့ အုပ်ချုပ်ရေးမှူးရုံးတို့ ဩဂုတ် ၃၁ ရက် ညနေ ၄ နာရီလောက်က မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာမှာရှိတဲ့ ပျူစောထီးခေါင်းဆောင် တယောက်ရဲ့နေအိမ်ကို ဆိုင်ကယ် ၇ စီးနဲ့အတူ သေနတ်ကိုင်ဆောင်လာတဲ့ လူ ၁ဝ ယောက်ကျော်က မီးလောင်စေတဲ့ လက်လုပ်ပစ္စည်းတချို့နဲ့ လာရောက်ပစ်ခတ် မီးရှို့သွားတယ်လို့ သိရပါတယ်။
ထားဝယ်ဒေသခံ ပြည်သူတဦးက “အဲ့အိမ်က ပျူစောထီးခေါင်းဆောင်အိမ်တဲ့။ အိမ်ကိုသွားပြီး လူမရှိလို့ မီးလောင်တဲ့ဗုံးနဲ့ပစ်တာ။ အုပ်ချုပ်ရေးမှူးရုံးကိုလည်း သေနတ်ပစ်သွားတယ်။ PDF တွေလား ဘာလားတော့မသိဘူး။ သူတို့သွားပြီး ခဏအကြာမှာပဲ စစ်သားရောက်လာပြီးတော့ သေနတ်နဲ့ လိုက်ရမ်းပစ်ကြတာတဲ့” လို့ ပြောပါတယ်။
နေအိမ်မီးရှို့ပြီးနောက် ပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးရုံးကိုလည်း သေနတ်တွေနဲ့ အချက် ၅ဝ ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ပြောပါတယ်။
မီးရှို့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။
မီးရှို့တိုက်ခိုက်ပြီးနောက် အမည်မသိအဖွဲ့ ပြန်လည်ထွက်ခွာသွားပြီး ခဏအကြာမှာ အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က တိုက်ခိုက်ခံရပြီးနောက် ကျောက်ရပ်ရွာအနီးရှိ ထားဝယ်မြို့အထွက် ပေါက်ကူးတံတားကို လက်ရှိအချိန်ထိ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နဲ့ ၁ဝ ရက်နေ့တွေကလည်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီဗိုလ်တဦးနဲ့ ပျူစောထီးတဦးတို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။