Home
မြန်မာသတင်း
ပြည်ပသွားမည့် အလုပ်သမားများ ငွေပြန်လွှဲရန် ခံဝန်လက်မှတ်ထိုးခိုင်းပြီး စစ်ကောင်စီ အကျပ်ကိုင်
DVB
·
September 1, 2023

ပြည်ပသွားရောက်မယ့် အလုပ်သမားတွေအနေနဲ့ မိသားစုထံ လစဥ်လွှဲပို့ငွေကို တရားဝင် လွှဲပို့ပါမယ်ဆိုတဲ့ ဝန်ခံလက်မှတ်ရေးထိုးမှ သွားရောက်လုပ်ကိုင်ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို ညွှန်ကြားလိုက်ပါတယ်။

အလုပ်သမားတွေအနေနဲ့ ပြည်ပကို မထွက်ခွာခင် အေဂျင်စီနဲ့ နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုရာမှာ တရားဝင်ငွေလွှဲပို့မယ်ဆိုတဲ့ အချက်ထည့်သွင်းခိုင်းပြီး လိုက်နာမှုမရှိရင် အေဂျင်စီရော၊ အလုပ်သမားကိုပါ အရေးယူမယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်မှာ အလုပ်သမားက လစဥ် လစာရဲ့ ၂၅ ရာခိုင်နူန်း ဒါမှမဟုတ် အများဆုံး သုံးလကို တကြိမ် လစာသုံးလစာရဲ့ ၂၅ ရာခိုင်နှုန်းကိုဖြစ်စေ တရားဝင်ဘဏ်စနစ်၊ ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ Remittance Business License (RBL) ရရှိထားသူနဲ့ဖြစ်စေ၊ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများနဲ့ဖြစ်စေ မိသားစုထံ လွှဲပို့ရမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို တရားဝင်ဘဏ်စနစ်ကနေ လွှဲပို့ဖို့ ပျက်ကွက်တဲ့ အလုပ်သမားကို နောက်တကြိမ် ပြည်ပထွက်ခွာခွင့် သုံးနှစ်ပိတ်ခံရမယ့်အပြင် ပဋိညာဥ်ဥပဒေအရပါ အရေးယူခံရမှာဖြစ်သလို အေဂျင်စီတွေ အနေနဲ့လည်း ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ အရေးယူခံရမယ်လို့ စစ်ကောင်စီက အကျပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးကတော့ “အလုပ်သမားနဲ့ အေဂျင်စီကို အကျပ်ကိုင်လိုက်တဲ့ သဘောပဲ။ လူတယောက်ရဲ့ အခွင့်အရေးကို ဘယ်လိုလိုက်ကြပ်လို့ ရမှာလဲ။ အေဂျင်စီတွေလည်း ခေါင်းခဲရတယ်” လို့ ပြောပါတယ်။

အခုလို စာချုပ်ချုပ်ဆိုရမယ့်စနစ်ကို စက်တင်ဘာ ၁ ရက်က စတင်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားပေမဲ့ တကယ်အလုပ်ဖြစ်မဖြစ်ကတော့ မသေချာဘူးလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

လက်ရှိ ပြည်ပကိုထွက်ဖို့ ပြင်ဆင်နေသူတဦးက “လက်မှတ်ထိုးဆိုလည်း ထိုးရမှာပေါ့။ ကျန်တာ ကိုယ့်စိတ်နဲ့ကိုယ်ပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလာတာကြောင့် ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာငွေကိုပါ ပစ်မှတ်ထားလာရတဲ့ အခြေအနေ ဖြစ်တယ်လို့ အလုပ်သမားအရေး စောင့်ကြည့်သူတွေက ဆိုပါတယ်။

စစ်အာဏာရှင်တွေရဲ့ အကျင့်အတိုင်း အရေးယူမယ်ဆိုတဲ့ ဖိအားပေးမှုတွေနဲ့ ပြည်ပရောက် မြန်မာတွေကို အကျပ်ကိုင်ဖို့ ကြိုးစားလာပေမဲ့ သူတို့မျှော်လင့်သလို ဖြစ်နိုင်ခြေ နည်းတယ်လို့လည်း စောင့်ကြည့်သူတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024