DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့် ရုရှားပူးတွဲတာဝန်ယူမည့် အာဆီယံစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ရှုတ်ချ
DVB
·
September 1, 2023
မြန်မာစစ်တပ်နှင့် ရုရှားပူးတွဲတာဝန်ယူမည့် အာဆီယံစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ရှုတ်ချ
Donate to DVB

မြန်မာစစ်တပ်က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ရုရှားနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို Justice For Myanmar အဖွဲ့က ရှုတ်ချ ကြောင်း ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်အထိ Ussuriysk နဲ့ Vladivostok မြို့တွေမှာ ပြုလုပ်မယ့်အကြောင်း မကြာသေးမီက ပြင်ဆင်လိုက်တဲ့ အာဆီယံ ကာကွယ်ရေးကဏ္ဍလုပ်ငန်း ပြက္ခဒိန်အရ သိရပါတယ်။

ဒါက မြန်မာပြည်သူတွေအပေါ် အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ တရားဥပဒေမဲ့ ဖမ်းဆီးမှုတွေ၊ လူနေအိမ်၊ ကျေးရွာတွေနဲ့ ကောက်ပဲသီးနှံတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ပြီးအကြမ်းဖက်စစ်ဆင်ရေး ပြုလုပ်နေတဲ့ စစ်အုပ်စုကို ပိုမိုကောင်းမွန်တဲ့ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်တွေ ပေးအပ်နေတာလို့ ဆိုပါတယ်။

Ussuriysk နဲ့ Vladivostok မြို့တွေကတော့ ယူကရိန်းနိုင်ငံအပေါ် ရုရှားကျူးကျော်စစ်မှာ ပါဝင်ခဲ့တဲ့ ရုရှားအရှေ့တိုင်းစစ်ဌာနချုပ် ထိန်းချုပ်မှုအောက်မှာ တည်ရှိနေတာဖြစ်ပြီး တော့ အဆိုပါစစ်ရေးလေ့ကျင့်မှုက အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၊ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်ကာ ဒါကို ရုရှားအစိုးရနဲ့ တရားမဝင် မြန်မာစစ်အုပ်စုတို့က ဦးဆောင်နေတာလို့ ဆိုပါတယ်။

Justice For Myanmar  ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ “စစ်အုပ်စု စစ်သည်တွေကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးနည်းဗျူဟာတွေ လေ့ကျင့်သင်ကြားပေးတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာအတော် ယုတ္တိမဲ့တဲ့ စက်ဆုပ်ရွံ့ရှာစရာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန်နေတယ် ဆိုတာနဲ့ ဒီစစ်ရေးလေ့ကျင့်မှုတွေကြောင့် စစ်အုပ်စုဟာ ပိုပြီးလက်ရဲဇက်ရဲရှိလာပြီး နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် အားပေးကူညီရာ ရောက်မယ်ဆိုတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ သူ့ရဲ့ဆွေးနွေးဖက် နိုင်ငံတွေက ကောင်းကောင်း သိပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအကျပ်အတည်းကို သူတို့ရဲ့ ဘုံသဘော တူညီချက် ၅ ရပ်နဲ့ မဖြေရှင်းနိုင် ရုံသာမက၊ တချိန်တည်းမှာပဲ နိုင်ငံတကာအရေးယူဆောင်ရွက်ချက်တွေကို ဟန့်တားမှုဖြစ်စေပြီး စစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာ အကူအညီ တွေနဲ့ တရားဝင်မှုတွေပေးအပ်ကာ စစ်အုပ်စုကို ကျောထောက်နောက်ခံပေးခြင်းဖြင့် ဘုံသဘောတူညီချက်တွေကို ထိခိုက်ပျက်ပြား နေစေတာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မြန်မာစစ်အုပ်စုက အာဆီယံရဲ့ စာတွေ့စစ်ရေးလေ့ကျင့်မှု (Table Top Exercise-TTX) တရပ်ကို နေပြည်တော်မှာ လက်ခံကျင်းပခဲ့ပြီး ဒါက မြန်မာ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေ တိုက်ရိုက် ပေးအပ်ခဲ့တာဖြစ်တယ်လို့ Justice For Myanmar အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

အဆိုပါ စာတွေ့စစ်ရေးလေ့ကျင့်မှုကို မတက်ရောက်ခဲ့ကြတဲ့ ဩစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ စင်ကာပူ၊ တောင်ကိုးရီးယားနဲ့ အမေရိကန်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar အဖွဲ့က ကြိုဆိုပြီး တက်ရောက်ခဲ့ကြတဲ့ ကျန်အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ အပေါ် ရှုတ်ချတယ်လို့လည်း ပြောလိုက် ပါတယ်။

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းသင့်ပြီး လှုပ်ရှားမှုအစီအစဉ်အားလုံးကနေ စစ်အုပ်စုကို တားမြစ်ပိတ်ပင်ရမယ်လို့လည်း မရတနာမောင်က ပြောလိုက်တာပါ။

“အင်ဒိုနီးရှားအနေနဲ့ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းသင့်ပြီး လှုပ်ရှားမှုအစီအစဉ်အားလုံးကနေ စစ်အုပ်စုကို တားမြစ်ပိတ်ပင်ရမှာပါ။ စစ်ရေးလေ့ကျင့်မှုကို ဆက်လုပ်မယ်ဆိုရင် အာဆီယံအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေဟာ စစ်ရေးလေ့ကျင့်မှုကို သပိတ်မှောက်သင့်ပြီး တရားမဝင်စစ်အုပ်စုပါနေတဲ့ ADMM အခမ်းအနားအားလုံးကို တက်ရောက်ဖို့ ငြင်းဆိုသင့်ပါတယ်။ အာဆီယံဗဟိုပြုမှုဆိုတဲ့ ပြောဆိုချက်ဟာ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို လျစ်လျူရှုပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ ပုံမှန်အတိုင်း ဆက်ဆံလုပ်ကိုင်ဖို့ ဟန်ပြစကားလုံးသက်သက် ဖြစ်တယ်ဆိုတာ အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှုတွေက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။”

ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် အစိုးရတွေအနေနဲ့ စစ်အုပ်စုက ဘဏ္ဍာငွေ၊ လက်နက်၊ ပစ္စည်းကိရိယာတွေနဲ့ လေယာဉ်ဆီတွေရရှိနေတာကို ပိတ်ပင်ဖို့၊ မြန်မာအရေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ ခိုင်မာအားကောင်းတဲ့ အရေးယူဆောင်ရွက်ချက်တွေကို အရေးတကြီး တိုးမြှင့်လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

အာဆီယံအဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးပွဲတွေမှာ ပါဝင် တက်ရောက်ခွင့် မပြုပေမယ့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအပါအဝင် စစ်ကောင်စီခန့် ဝန်ကြီးတွေကို အာဆီယံဒေသတွင်း အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့် ပြုနေတာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013