DVB Logo
Home
မြန်မာသတင်း
ဟင်္သာ​တမြို့နယ်၌ ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် အကူအညီများလိုအပ်
DVB
·
August 31, 2023
ဟင်္သာ​တမြို့နယ်၌ ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် အကူအညီများလိုအပ်
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ကမ်းပါးပြိုသဘာဝဘေးနဲ့ကြုံတွေ့နေရတဲ့  ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော်ဟာ နေရေး၊ စားရေးနဲ့ ဆေးဝါးအခက်အခဲတွေရှိနေတယ်လို့ ဒေသခံပရဟိတသမားတွေထံက သိရပါတယ်။

ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ  ငှက်ပျော်တော၊ ဖောင်ဆိပ်၊ တာငုတ်နဲ့ အုန်းတောကျေးရွာတွေမှာ ကမ်းပါးပြိုတာနဲ့ တာကျိုးရင်ပျက်စီးဆုံးရှုံးမှုနည်းအောင် တာဝိုင်းထဲ ရေသွင်းဖို့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေက ကြိုတင်ပြောင်းရွှေ့ကြဖို့ သြဂုတ် ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။

အဆိုပါကျေးရွာပေါင်း ၄ ရွာမှ ကမ်းပါးပြိုတာကြောင့် နေအိမ် ၆၂ လုံး လူဦးရေ ၂၃၀ ကျော်နဲ့ တာဝိုင်းထဲရေသွင်းရတာကြောင့် ရွှေ့ပြောင်းရတဲ့အိမ်ခြေ ၂၃၀ ကျော် လူဦးရေ ၈၁၀ ဟာ ဘေးလွတ်ရာ နေရာတွေကို ‌ရွှေ့ပြောင်းပြီး နေထိုင်နေရတယ်လို့ ဒေသခံပရဟိတသမားတဦးက ပြောပါတယ်။

“ရွာလေးရွာမှာဖြစ်တာ သဘာဝဘေး နှစ်မျိုးပေါ့။ ပထမတခုဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းပါး​ ပြိုတာကြောင့် လူ ၂၃၀ ကျော်ဟာ နေအိမ်တွေကို ဖျက်ပြီး အရင်ရွှေ့ကြရတယ်။ ကမ်းပါးက တခါတည်း ဝုန်းကနဲ ပြိုတာမဟုတ်ဘဲ တနေ့ နည်းနည်းပြိုတဲ့အတွက် လူတွေကော နေအိမ်တွေကော ရွှေ့လို့မီသွားတယ်။  တကယ်လို့ သူတို့သာ မရွှေ့ခဲ့ရင် လူကော အိမ်ကော အကုန်မြစ်ထဲပါသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ရွှေ့လိုက်တဲ့မြေနေရာက အခု အကုန်ပြိုသွားပြီ။ နောက်တခုက ကမ်းပါးပြိုတာ တာတချို့ ပါသွားသလို ရွာနဲ့နီးတဲ့ တာတွေလည်း ပေါက်နေပြီ။ အဲဒီတာသာ ကျိုးပြီး အရှိန်နဲ့ဝင်ဆောင့်ရင် နေအိမ်တွေ အကုန် ရေနဲ့မျောသွားမှာ။ နောက်တာတခုကိုပါ တိုက်ခွဲလိုက်မှာ။ အဲဒီလိုမဖြစ်ဘဲ ဆုံးရှုံးမှုသက်သာအောင်လို့ တာ ဒီဘက်မှာရှိတဲ့ ရွာတွေဘက်ကို ရေညီမျှခြင်းဖြစ်အောင် ဧရာဝတီမြစ်ရေဖြည့်ရတော့ ရွာသားတွေကို ရွှေ့ခိုင်းရတာပါ။”

ရွာသားပေါင်း ၁၀၄၀ ကျော်ဟာ တာတမံရဲ့ ဘေးလွတ်ရာမှာ ကိုယ့်အစီအစဥ်နဲ့ကိုယ် ရွှေ့ပြောင်းနေထိုင်ရတဲ့အတွက် နေရာအဆောက်အဦ၊ အစားအသောက်နဲ့ ဆေးဝါးတွေ အကူအညီလိုနေတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

“ရေဘေးပြောင်းရွှေ့နေရတဲ့သူ အများစုဟာ လက်လုပ်လက်စားများတယ်။ ​ဒီကိစ္စကလည်း တရက်၊ နှစ်ရက်နဲ့ ပြီးသွားတဲ့ကိစ္စ မဟုတ်တဲ့အတွက် ယာယီနေထိုင်ရတဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိတယ်။ သူတို့က လုပ်ငန်းတွေကလည်း ဆက်လုပ်လို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ မိုးတွင်းလည်းဖြစ်တော့ အမိုးအကာတွေ၊ ဆေးဝါးတွေလည်း ပိုလိုအပ်တယ်လေ။ ကျနော်တို့ကော မြို့သူမြို့သား​တွေအပြင် နယ်ဝေးက သူ​တွေလည်း လက်ရှိမှာ အကူအညီပေးနေကြပေမဲ့ လူက များတော့ အကူအညီတွေက လောက်ငမှုမရှိပါဘူး။”

ရေဘေသင့်ပြည်သူတွေဟာ တာတမံအခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး အခြေအနေ တည်ငြိမ်ရင် နေရပ်ပြန်ကြရပေမယ့် နေအိမ် ၆၂ လုံး မြေနေရာတွေဟာ ကမ်းပါးပြိုတဲ့ထဲမှာ ပါသွားတဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့ အခက်အခဲရှိနေပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းကလည်း ဇူလိုင် ၁၅ ရက်မှ သြဂုတ် ၃ ရက်အတွင်း ကမ်းပါးပြိုမှုနဲ့ တာကျိုးခဲ့မှု ဖြစ်ပေါ်ခဲ့တဲ့အတွက် ဟင်္သာတမြို့ အိပ်ပျက်ကျေးရွာ​အုပ်စုနဲ့​ ချင်ဘိုကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု ၉၂ စု လူဦးရေ ၃၂၈ ဦးတို့ ရွှေ့ပြောင်းခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013