မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံး တာဝန်ခံအသစ်အဖြစ် ရောက်ရှိလာတဲ့ မစ္စတာ ယော့ကော့ဘ်စတရမ်း (Jakob Ström) ကို ဆွီဒင်သံရုံး ရန်ကုန်ရုံးခွဲ အဖွဲ့ဝင်တွေက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတယ်လို့ ဆွီဒင်သံရုံးက ထုတ်ပြန်ပါတယ်။
ယော့ကော့ဘ်ဟာက ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သံတမန် တယောက်အဖြစ် နိုင်ငံတကာအတွေ့အကြုံ ၂၅ နှစ်နီးပါး ရှိထားပြီးသူဖြစ်ကာ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲမှုကနေ အလုပ်သမားအရေး၊ အုပ်ချုပ်ရေးဆိုင်ရာ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ လူထုကျန်းမာရေး အစရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍပေါင်းများစွာမှာ အတွေ့အကြုံ များစွာရှိသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန် ဆွီဒင်သံရုံးကို မလာခင်မှာတော့ ယော့ကော့်ဘ်က ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ကိုဗစ်ကာကွယ်ဆေး ဖြန့်ဝေပေးတဲ့ Covax ညှိနှိုင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနရုံးချုပ်မှာ ဆွီဒင်ရဲ့ ကုလသမဂ္ဂဆိုင်ရာဌာနမှာ တာဝန်ထမ်းခဲ့သလို အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဦးချိုဒေသက ဆွီဒင်သံရုံးတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှု တွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာပါ။
နိုင်ငံတကာသံတမန်ဆက်ဆံရေးမှာလည်း ကျရှုံးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီးတော့ အမေရိကန် အပါအဝင် အနောက်နိုင်ငံသံရုံးအတော်အများများဟာလည်း မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့်ပုဂ္ဂိုလ်တွေ မထားတော့ဘဲ အဆင့်နှိမ့်ပြီး သံရုံးယာယီတာဝန်ခံတွေသာ ခန့်ထားတော့တာ ဖြစ်ပါတယ်။
ခုရက်ပိုင်းမှာတင် NUG အစိုးရနဲ့ ထိတွေ့ ဆက်ဆံခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မှာရှိတဲ့ အရှေ့တီမောနိုင်ငံ(တီမောလက်စ်တေ) သံရုံးက ယာယီတာဝန်ခံကို စက်တင်ဘာ ၁ ရက် မတိုင်ခင် မြန်မာနိုင်ငံကနေ ထွက်သွားဖို့ စစ်ကောင်စီက အကြောင်းကြားထားပါတယ်။
PHOTO Credit - Embassy of Sweden











