
မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မရပ်ကွက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ သြဂုတ် ၂၉ ရက် ညနေ ၅ နာရီက ဗုံးပေါက်ကွဲခဲ့ရာ ဒုရဲအုပ်တယောက်နဲ့ ရဲတပ်ကြပ်ကြီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၅ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မြို့မရဲစခန်းမှ ဒုရဲအုပ် အပါအဝင် ရဲလေးဦး ကင်းစောင့်နေစဥ် ဗုံးနဲ့ပစ်ခတ်တိုက်ခံရပြီးဖြစ်ပြီး ဒုရဲအုပ်နဲ့ ရဲတပ်ကြပ်ကြီး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကော်မရှင်ရုံးကို လာစစ်ဆေးမှာမို့လို့ ရဲတွေ ကင်းစောင့်နေတဲ့အချိန် ဆိုင်ကယ်နဲ့လာပစ်သွားတာ။ ဒုရဲအုပ်ရော ရဲတပ်ကြပ်ကြီးရော ဒဏ်ရာရတယ်။ ဒဏ်ရာတွေကတော့ အတော်လေးများတယ်။ သေတော့မသေဘူး”လို့ ရှင်းပြပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရသူ နှစ်ယောက်မှာ နတ်မောက်မြို့မရဲစခန်းမှ ဒုရဲအုပ်မင်းထွဋ်နဲ့ ရဲတပ်ကြပ်ကြီး သန်းဌေး တို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“နတ်မောက်ဆေးရုံကို ပို့ထားတယ်။ ဒုရဲအုပ်က ဒဏ်ရာပြင်းတယ်။ ရဲတပ်ကြပ်ကြီး ထိမှန်ဒဏ်ရာလောက်ပဲ ရတာ”လို့ ပြောပါတယ်။
နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး ဗုံးနဲ့ပစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေအပြင် ရဲဝန်ထမ်းအချို့လည်း စစ်ဆေးခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Photo-MOI











