ပါကစ္စတန်တောင်ပိုင်း၊ ကရာချိမြို့မှာ သြဂုတ် ၂၉ ရက်က ယာဉ်ကြောအကြီးအကျယ် ပိတ်နေတုန်း အရွယ်ရောက်ပြီးသား ခြင်္သေ့တကောင်ဟာ ကိုယ်ပိုင်ကား တစီးပေါ်ကနေ လွတ်မြောက်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ခြင်္သေ့ကို ပြန်မဖမ်းမိခင် ၂ နာရီလောက် ခရီးသွားတွေ အထိတ်လန့်တကြား ဖြစ်ခဲ့ကြတယ်လို့ ရဲက ပြောပါတယ်။
လူစည်ကားတဲ့ ဆိပ်ကမ်းမြို့ရဲ့ လမ်းမကြီးပေါ်က ယာဉ်ကြောအကျပ်ဆုံးအချိန်မှာ ခြင်္သေ့ကို ပိုင်ရှင်က သယ်လာတုန်း အဓိကလမ်းမပေါ်မှာ ခြင်္သေ့က လွတ်သွားခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လွတ်မြောက်လာတဲ့ ခြင်္သေ့ဟာ လမ်းပေါ်မှာ အချိန်တော်တော်ကြာအောင်သွားလာ ပြီးတဲ့နောက် အနီးနားက အဆောက်အဦရဲ့ မြေအောက်ခန်းဆီ ထွက်လာခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာဆီ မီဒီယာတွေက ကားတွေနဲ့ရောက်လာပြီး ခြင်္သေ့တကောင်ကို ဖမ်းမိဖို့ ကြိုးပမ်းတဲ့ လူအုပ်ကြီးကြောင့် အဲဒီနေရာမှာ ယာဉ်ကြောပိတ်ဆို့မှုကို အကြီးအကျယ် မြင်တွေ့ခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနကို မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။
လူနေရပ်ကွက်တွေမှာ ခြင်္သေ့တွေကို မထားဖို့ တားမြစ်ထားလို့ အဲဒီ ခြင်္သေ့ကို သားရဲတိရစ္ဆာန် စောင့်ရှောက်ရေးဌာနပိုင်ခြံထဲ ခေါ်ဆောင်သွားပြီလို့ တောရိုင်းတိရစ္ဆာန်ဌာနက ပြောပါတယ်။
Source/Photo-Reuters











