DVB Logo
Home
မြန်မာသတင်း
ရေးနှင့်  တနင်္သာရီမြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်
DVB
·
August 29, 2023
ရေးနှင့်  တနင်္သာရီမြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက်၊ စကခ ၁၉ ဌာနချုပ်နဲ့ ခလရ ၆၁ စစ်ကောင်စီတပ်တို့ကို မွန်-တနင်္သာရီ ပူးပေါင်းစစ်ဆင်ရေးမဟာမိတ်တွေက ဩဂုတ် ၂၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ  မောင်းသူမဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မောင်းသူမဲ့  ဒရုန်း ၃ စီးနဲ့ စကခ ၁၉ မှာ ဗုံးသီး ၂ လုံးနဲ့ ခလရ ၆၁ မှာ ဗုံးသီး ၂ လုံး ချနိုင်ခဲ့ပြီး ရာသီဥတုဆိုးရွာပြီး မိုးကြီးနေတာကြောင့် မောင်းသူမဲ့  ဒရုန်းတစ်စီးကတော့ ပျက်စီးသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အခုစစ်ဆင်ရေးမှာ  အရင်ကပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မွန်နဲ့ တနင်္သာရီက မဟာမိတ်တပ်ဖွဲ့ ၈ ခုအပြင် မွန်ပြည်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO တပ်ဖွဲ့က ထပ်မံပူးပေါင်းလာခဲ့ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ လက်နက်ကြီးနဲ့ စစ်ကောင်စီဘက်က ၈ ကြိမ်ထက်မနည်း ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့ မဟာမိတ်တပ်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရေးမြို့အခြေစိုက် စစ်ကောင်စီတပ် ၂ ခုဟာ ဇူလိုင်လကလည်း အခုလိုတိုက်ခိုက်ခံခဲ့ရပြီး ဩဂုတ် ၂၈ ရက် တိုက်ခိုက်ခံရမှုဟာ ဒုတိယအကြိမ်တိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။

အခုစစ်ဆင်ရေးဟာ မိုးကြိုးစစ်ဆင်ရေးအမှတ် ၂ ဖြစ်ပြီး မိုးကြိုးစစ်ဆင်ရေးအမှတ် ၁ ကတော့ ဘုရားသုံးဆူမြို့၊ မူဂျာထိပ်ဗျူဟာကုန်း ဗုံးချတိုက်ခိုက်ခံရမှုဖြစ်တယ်လို့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မွန်-တနင်္သာရီပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှာ MSRF၊ YAF၊ YDF၊ MSRO ၊ PDF T5 ဇုန်၊ ဒေါနစစ်ကြောင်း၊ KBDF၊ TPLF နဲ့ ABSDF တပ်ရင်း ၁ တို့ပါဝင်ကြပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာလည်း ဩဂုတ် ၂၈ ရက် ည ၇ နာရီမှာပဲ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ တပ်ဦးရပ်ကွက်နေ အသက် ၆ဝ အရွယ် ဒေါ်ညွှန့်ဟာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ချက်ချင်းဆိုသလို အမျိုးသမီးနေအိမ်အနီး ဝန်းကျင် တလျှောက်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး  လုံခြုံရေးယူခဲ့တယ်လို့ သိရပါတယ်။

မြို့ခံပြည်သူ တဦးက "လက်နက်ကြီး ကျကျချင်း စစ်သားတွေက အဲဒီအိမ်ဘက်ကို ရောက် လာတယ်။ ဘယ်သူ့မှ ပေးမဝင်တော့ဘူး"လို့ ပြောပါတယ်။ 

လက်နက်ကြီးထိမှန်သူ အမျိုးသမီးကို စစ်တပ်က ဆေးရုံပို့ ဆောင်ခဲ့ပြီး နောက်တနေ့ မ‌နက် ၉ နာရီ လောက်မှာဆေးရုံက ပြန်ဆင်းလာတယ်လို့ သိရပါတယ်။

အဲဒီ အမျိုးသမီးရဲ့သားဖြစ်သူမှာ ရဲတပ်ဖွဲ့ တဦး ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့မှာ တာဝန်ထမ်း‌ဆောင်နေသူလို့ ပြောပါတယ်။

အဲဒီည စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ဘန်လော‌ကျေးရွာလမ်းဆုံမှာရှိတဲ့ နေအိမ် ၂ လုံး လက်နက်ကြီး ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့ရဲ့တောင်ပေါ်စခန်းကနေ ဘန်လောကျေးရွာဘက်ကို လက်နက်ကြီးနဲ့ အချက် ၂ဝ လောက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီအမြောက်တပ်ကနေ  အနီးအနား ရွာတွေ ဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013