DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ရဲဆေးရုံ၌ မိသားစုက ပထမဆုံးအကြိမ် ဝင်တွေ့ခွင့်ရ 
DVB
·
August 29, 2023
Donate to DVB

ထိုင်းအာဏာသိမ်းစစ်ကောင်စီရဲ့ တရားစွဲခံရပြီး ထောင်ဒဏ်ကျခံနေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ရဲဆေးရုံကြီးမှာ တက်ရောက်ကုသနေရပြီး မိသားစုဝင်တွေနဲ့ မနေ့က  ပထမဆုံးအကြိမ် တွေ့ ဆုံခွင့်ရခဲ့ပါတယ်။ 

အကျဉ်းဦးစီးဌာနနဲ့ ဆေးရုံက သတ်မှတ်ထားတဲ့ စည်းကမ်းချက်အရ  ကိုဗစ်-၁၉ ကာကွယ်တဲ့အနေနဲ့ ဆေးရုံတက်ပြီး အနည်းဆုံး ၅ ရက်ကြာမှ အပြင်လူနဲ့ တွေ့ခွင့်ပြုကာ တနေ့လျှင် ၁၀ ဦးထက်မပိုရပါဘူး။ သွားတွေ့မယ့်သူတွေဟာ အရင်ဆုံး နာမည်စာရင်း ကြိုတင်ပေးသွင်းရပြီး လူနာက တွေ့လိုတဲ့သူတွေသာ တွေ့ခွင့်ရှိပါတယ်။ 

မနေ့က ပထမဆုံးတွေ့ခွင့်ရသူတွေမှာ သူ့ရဲ့ သမီးနှစ်ယောက်၊ သား တယောက်၊ သမက် နှစ်ယောက်၊ ချွေးမ တယောက်၊ အကြီးဆုံးမြေးမနဲ့ ရှေ့နေ သုံးယောက်တို့ ဖြစ်ကြပါတယ်။

သက်ဆင်ရဲ့ ကျန်းမာရေးအခြေအနေသိရဖို့ သတင်းထောက်တွေဟာ ဆေးရုံအောက်မှာ တနေကုန် သွားရောက်စောင့်ဆိုင်းနေခဲ့ကြပေမဲ့ ဖွေ့ထိုင်းပါတီခေါင်းဆောင်လည်းဖြစ်တဲ့ သမီးငယ် ဖဲထောင်းထန်းက သတင်းထောက်တွေကို ဘာမှဖြေကြားခြင်းမရှိဘဲ ပြုံးရုံသာ နှုတ်ဆက်ပြီး ကားပေါ်ပြန်တက်သွားပါတယ်။

ဒီမတိုင်ခင်ကတော့ ရဲဝန်ထမ်းဟောင်း ခွန်ဆန်စနက အရင်ဦးစွာရောက်လာခဲ့ပါတယ်။ သူဟာ အရင်က အနှိပ်ခန်းဖွင့်မှုနဲ့ပတ်သက်လို့ အလုပ်ပြုတ်ခဲ့ကာ နိုင်ငံ‌ရေးပါတီဝင် ဖြစ်တော့လည်း ပြဿနာတက်ပြီး ပြန်ထွက်ခဲ့ရပါတယ်။ ထိုင်းဝန်ထမ်းလာဘ်စားမှုတွေ ဖော်ထုတ်နေတဲ့ ခွန်ချုဝစ်မွန်ဝိဆစ်နဲ့ ကမ္ဘာရန်ဖြစ်ပြီး လူတွေကြားမှာ ထိုးကြိတ်တဲ့ထိ ရန်ဖြစ်ခဲ့ကြလို့ သတင်းလောကမှာ ကျော်ကြားသူတစ်ဦး ဖြစ်ပါတယ်။

သတင်းထောက်တွေက သူ့ကို မမျှော်လင့်ဘဲ ရဲဆေးရုံ အရင်ဆုံးရောက်လာလို့ ဝိုင်းဝန်းမေးမြန်းရာမှာ သူကတော့ သက်ဆင်ကို လာတွေ့တာမဟုတ်ပေမဲ့ သက်ဆင် တက်နေတဲ့  ဆေးရုံ ဘူမိဘောရာချ်နုဆွန်တိုက် အထပ် ၁၄ က အခန်းတစ်ခန်းမှာ သူ့ဖခင်ကို ပြောင်းရွှေ့ကုသဖို့ လာတာဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါအထပ်က အခန်းမှာ ရဲတပ်ဖွဲ့ရဲ့ အထူးအရေးပါတဲ့ လူနာတွေသာ ထားရှိကြောင်း၊ လူနာခန်း၊ လူနာစောင့်အိပ်တဲ့အခန်း၊ ဧည့်ခန်း၊ အဝတ်အစားထည့်တဲ့ ဗီရိုတွေရှိပြီး အားကစားကွင်း ရှုခင်းတွေကို အထပ်တိုင်းရဲ့ ပြတင်းပေါက်တွေကနေ မြင်ရပါတယ်လို့  ပြောပေမဲ့ သူ့ဖခင် အဆိုပါအထပ်ကို ပြောင်းခွင့်ရ၊ မရတော့ မသိပါဘူး။

သက်ဆင်ဟာ နိုင်ငံခြားမှာ ဝရမ်းပြေးဘဝနဲ့ ၁၇ နှစ်ကျော်နေလာပြီး ဒီလ ၂၂ ရက်ကမှ ပြည်တော်ပြန်ကာ လာရောက်အဖမ်းခံခဲ့တာပါ။ တရားရုံးက သူ့ရဲ့ ပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ်ကို ၈ နှစ်လျှော့ပေးခဲ့ပြီး ထောင်ထဲဝင်လို့မှ ရက်မကူးခင် ရုတ်တရက် နာမကျန်းဖြစ်ကာ ညတွင်းချင်း ပြင်ပဆေးရုံမှာ တက်ရောက်ကုသခဲ့ပါတယ်။

သူဟာ  နိုင်ငံခြားမှာရှိစဉ် ကျန်းမာစွာ ဘောက်ဆင်ထိုး၊ ရေကူး၊ မြေးကို ပွေ့ချီဆော့ကစားပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး  ထိုင်းကို စရောက်တဲ့နေ့ကလည်း သွားရောက်ကြိုဆိုတဲ့လူအုပ်ကြီးကို အကောင်းပကတိ နှုတ်ဆက်နေကာကနေ  ထောင်ထဲရောက်တာနဲ့ သွေးတိုးတာ၊ အဆုတ် အားနည်းတာ၊ အသက်ရှူကြပ်တာ၊ ကျောရိုးချို့ယွင်းတာ၊ လက်ချောင်းအာရုံကြောမကောင်းတာ စတဲ့ ရောဂါတသီကြီးတွေ့တာကြောင့် ထိုင်းက သမားတော်တွေ ရောဂါရှာဖွေရာမှာ အလွန်တော်ကြောင်း လူမှုကွန်ရက်မှာ ခနဲ့ပြီး ပြောဆို ဝေဖန်နေပါတယ်။ 

အရင်က နိုင်ငံရေးပြစ်မှုနဲ့ ထောင်ကျခဲ့ဖူးသူ ဆန္ဒပြခေါင်းဆောင်တွေကတော့ ဆံပင်ကတုံးတုံး၊ ထောင်အဝတ်အစား၊ သံကြိုးတန်းလန်းနဲ့ ခြေချင်းဝတ်နေရတဲ့ ပုံတွေနဲ့ပါ နှိုင်းယှဉ်ဖော်ပြကာ အကျဉ်းဦးစီးဌာနနဲ့ ဆေးရုံတာဝန်ရှိသူတွေဟာ မျက်နှာလိုက်တယ်၊ သက်ဆင်ကို အထူး အခွင့်အရေးပေးတယ်ဆိုပြီး ပြစ်တင်နေကြပါတယ်။ 

ဆေးရုံအောက်ထပ်မှာလည်း သူ့ကို အကျဉ်းထောင်ထဲ ပြန်ပို့ဖို့၊ လွတ်ငြိမ်းချမ်းသာခွင့် ပယ်ချဖို့ လာရောက်ဆန္ဒပြသူတွေလည်း ရှိနေပါတယ်။

ဒီမတိုင်ခင်က သက်ဆင်ဟာ ပြည်တော်ပြန်လာပြီး အဖမ်းခံမယ်၊ ဒါပေမဲ့ ထောင်ထဲမှာ သက်သောင့်သက်သာနေရဖို့၊ လွတ်ငြိမ်းချမ်းသာနဲ့ အမြန်ပြန်လွတ်ဖို့၊ အစိုးရကို ဦးဆောင်ဖွဲ့စည်းမယ့် ဖွေ့ထိုင်းပါတီအနေနဲ့ စစ်အာဏာရှင်လက်အောက်ခံ ယခင် အာဏာဟောင်းပါတီတွေနဲ့ ပူးပေါင်းဖို့ ကျိတ်ပြီး သဘောတူချက်ယူထားကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

ဖွေ့ထိုင်းပါတီဟာ ယခင်အာဏာဟောင်းပါတီတွေနဲ့ လုံးဝပေါင်းမှာမဟုတ်ဘူးဆိုတဲ့ ကတိကို ဖျက်ခဲ့တယ်၊ ဝန်ကြီးချုပ် ရွေးချယ်ရာမှာ  စစ်အာဏာရှင်က ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေကလည်း ထောက်ခံမဲ အလျှံပယ်ပေးခဲ့ကြတယ်၊  အစိုးရဝန်ကြီးအဖွဲ့ထဲမှာလည်း ပြည်ထဲရေးဌာန၊ ကာကွယ်ရေးဌာန စတဲ့အရေးပါတဲ့နေရာမှာ ယခင်အာဏာဟောင်းပါတီကလူတွေကို ပြန်ရွေးချယ်တာတွေကြောင့် ကျိတ်ပြီး သဘောတူချက်ရတဲ့အပေါ်  ပြည်သူတွေပိုပြီး သံသယ ရှိနေကြပါတယ်။

ဖွေ့ထိုင်းပါတီဟာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး တစိုက်မတ်မတ် ကြွေးကြော်ပြီး သူတို့ပါတီ အာဏာသိမ်းခံရတော့ ဆန္ဒပြ အုံကြွမှုတွေဖြစ်ကာ ပါတီထောက်ခံသူ (ရှပ်နီ) တွေ ၁၀၀ လောက် သေဆုံးခဲ့ရတယ်။

တချို့က ထောင်ချခံရတာ၊ ပြည်ပြေးဘဝ ရောက်နေရာတွေရှိခဲ့ပေမဲ့ သူတို့မျက်နှာတွေမှ မထောက်ထားဘဲ သက်ဆင် ပြည်တော်ပြန်ရရေး၊ အစိုးရဖြစ်ဖို့ အရေးပေးထားတဲ့ ကတိတွေ ဖျက် ထောက်ခံတဲ့ ပြည်သူတွေကို သစ္စာဖောက်တယ်ဆိုပြီး ဆန့်ကျင်ဝေဖန်မှုတွေ ခံနေရပါတယ်။ 

သမီးဖြစ်သူ အွန်အင်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာမှ ဖခင်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဖွေ့ထိုင်းပါတီဌာနချုပ်မှာ သတင်းစာရှင်းခဲ့ပါတယ်။

မနေ့က သွားတွေ့ရာမှာ အားနည်းပြီး နွမ်းနယ်နေတဲ့ အခြေအနေရှိကြောင်း၊ လူနာခန်းမှာလည်း အထူးစပါယ်ရှယ်မဟုတ်ဘဲ သာမန်သာဖြစ်ကြောင်း၊ ဖခင်ဟာ နိုင်ငံခြားမှာ အနေကြာပြီး နေရာထိုင်ခင်း အပြောင်းအလဲကြောင့်တကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ဖူးတဲ့ အခံကြောင့်ရော စိတ်ဖိစီးတာလည်းပါလို့ နေမကောင်းဖြစ်ရတာလို့‌ သက်ဆင်ရဲ့သမီးက ပြောပါတယ်။

ဒီလိုအခြေအနေမှာ သာမန်လူတောင် ဖြစ်တတ်တာ၊ ဖခင်မှာ အသက် ၇၄ နှစ်ရှိပြီဖြစ်လို့  ကျန်းမာရေး အားနည်းသွားတာ သဘာဝပါပဲ၊ ရောဂါအခြေအနေအသေးစိတ်ကတော့ ဆရာဝန်တွေသာ ပြောပြနိုင်မှာဖြစ်ပြီး စိုးရိန်ပူပန်စွာ သတင်းမေးသူတွေကိုရော အနီးကပ် ပြုစုကုသပေးတဲ့ ဆရာဝန်တွေကိုကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။ 

Source: Komchadluek/Thai- Tai TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013