Home
မြန်မာသတင်း
တိုင်းနှင့် ပြည်နယ် ၅ ခုတွင် မိုးများပြီး ရေကြီးဘေးကြုံရနိုင်ဟု သတိပေး 
DVB
·
August 29, 2023
371506437_616617640641463_6654850619319433618_n

အခုလာမယ့် ဩဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၄ ရက်အတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးများရေကြီးဘေး သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ခန့်မှန်းထုတ် ပြန်ပါတယ်။

ဩဂုတ် ၂၈ ရက်ကနေ စက်တင်ဘာ ၃ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး လာမယ့်ရက်သတ္တပတ်မှာ မိုးလယ်ကာလကုန်ဆုံးပြီး စက်တင်ဘာ ၁ ရက်က စတင်ကာ အနောက်တောင်မုတ်သုံလေဟာ တပြည်လုံးက ဆုတ်ခွာမယ့် နေ့ရက် ကြားကာလကို မိုးနှောင်းကာလ (Late Monsoon Period)လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

လာမယ့်ရက်သတ္တပတ်မှာ တပြည်လုံး မုတ်သုံလေအားပြတ်တာကနေ ပြန်လည် အားပျိုးလာနိုင်တဲ့ အခြေအနေကို ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသတချို့မှာ နေရာကွက်ကျားကနေ နေရာအတော်များများမှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မိုးကြီးတာနဲ့အတူ နောက်ဆက်တွဲအကျိုးဆက်အဖြစ် မြစ်ချောင်းတွေမှာ မြစ်ရေကြီးတာ၊ မြို့ပြ၊ ကျေးရွာတွေမှာ ရေဘေး၊ မြေပြိုဘေးနဲ့ လမ်းတံတားတွေ ထိခိုက် ပျက်စီးတာတွေကို သတိပြုသွားလာ နေထိုင်သင့်ကြောင်းလည်း အသိပေးထားပါတယ်။

မိုးအခြေအနေ အနေနဲ့ ဒီကနေ့ ဩဂုတ် ၂၉ ရက်မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်ဒေသတွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာကတော့ အနောက်ဘက်ကလေဟာ တနာရီကို ၅ မိုင်ကနေ ၁၀ မိုင်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအသင့်အတင့်ရှိနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024