DVB Logo
Home
မြန်မာသတင်း
ဖရူဆိုမြို့နယ်တွင် စစ်တပ်က နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး
DVB
·
August 28, 2023
ဖရူဆိုမြို့နယ်တွင် စစ်တပ်က နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး
Donate to DVB

ကရင်နီ (ကယား) ပြည်နယ် ဖရူဆိုမြို့နယ်ထဲမှာရှိတဲ့ ရွာသုံးရွာက နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၄ ရက်ကနေ ၂၆ ရက်အတွင်း ဖရူဆိုမြို့နယ် ဒေါညေးခူရွာက နေအိမ် ၁၀ လုံး၊ ထီးပေါ်ဆိုရွာက နေအိမ် ၃၀ ကျော်နဲ့ ထီးသော်ကူးရွာက နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူ အများအပြားနေထိုင်တဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်း နေရာ ၄ ခုကို စစ်ကောင်စီက ဩဂုတ် ၂၅ ရက်နေ့ညမှာ တိုက်လေယဥ်နဲ့ ဗုံး ၂ လုံး ကြဲချအပြီး မိနစ်အနည်းငယ်အကြာ ၁၀ နာရီ ၃၂ မိနစ်မှာ ခမရ ၁၀၂ တပ်က ၁၂၀ မမ နဲ့ ၂ လုံး၊ ၁၀ နာရီ ၃၈ မိနစ်မှာ လောင်ချာဒုံးနဲ့ ၂ လုံး၊ ၁၀ နာရီ ၄၁ မိနစ်မှာ ၁၂၀ မမနဲ့ ၁ လုံး၊ ၁၀ နာရီ ၄၉ မိနစ်မှာ လောင်ချာနဲ့ ၂ လုံး စုစုပေါင်းလက်နက်ကြီး ၇ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂ လုံးနဲ့  ကျောင်းဆောင်တခု ထိခိုက်ပျက်စီးသွားခဲ့သလို   ၂၆ ရက်နေ့ မနက်ကစပြီး စစ်ကောင်စီတပ်က  ဒေါညေးခူကျေးရွာရှိနေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။

အလားတူ ဩဂုတ် ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာလည်း  ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရှိ နေအိမ် ၆၀ ထဲမှ အိမ်ခြေ ၃၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် သြဂုတ်လဆန်းပိုင်းကစပြီး ဒီးမော့ဆိုနဲ့ ဖရူဆို လမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေအကြား ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်ဟာ အရပ်သားတွေနေထိုင်ရာ ဒေသဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကရင်နီ(ကယား)ပြည်နယ်မှာ စစ်အာဏာသိမ်းချိန်က စပြီး ၂၀၂၃ ခု ဇူလိုင် ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၇၆၆ ကြိမ်အထိ ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်လိုက်မှု ၅၇၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ နေအိမ် ၁၆၃၉ အိမ်နဲ့ ဘာသာရေးအဆောက်အဦ ၃၉ လုံး ဖျက်ဆီးခဲ့ကြောင်း  တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013