Home
မြန်မာသတင်း
လိုင်ဇာအနီး ကျေးရွာတရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် 
DVB
·
August 28, 2023

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အေ) ဌာနချုပ် လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ရွာအထက်ဘက်ရှိ  အောင်ဂျာရွာကို စစ်ကောင်စီတပ်က  သြဂုတ် ၂၇ ရက် မနေ့ညက တိုက်လေယာဉ်တွေနဲ့ လာရောက် ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။    

မနေ့က ညဘက် ၈ နာရီလောက်မှာ လေယာဥ်သုံးစီးနဲ့  နမ်ဆန်ယန်အထက်ဘက် အောင်ဂျာရွာကို ဗုံးလာကြဲသွားတာမှာ အိမ်ကြီးအိမ်ကောင်းတွေကိုပဲ ရွေးပြီး ဖျက်ဆီးသွားတယ်လို့ နမ်ဆန်ယန် ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့က စစ်ရေးတင်းမာမှုအမြင့်ဆုံး ဖြစ်နေတဲ့ လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ရွာအထက်ဘက်ကို အင်အားအလုံးရင်းနဲ့ တိုးချဲ့လာတဲ့ စစ်ကောင်စီစစ်ကြောင်း အလစ်ငိုက် တိုက်ခိုက်ခံရပြီး အထိခိုက်များသွားလို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ညက နမ်ဆန်ယန်ကျေးရွာအထက်ဘက်ကို ထိုးဖောက်ဝင်ရောက်စဥ် အသင့်စောင့်ကြိုနေတဲ့ ကချင်လွတ်မြောက်ရေးတပ် KIAက လက်ဦးမှုရယူပြီး အလစ်ငိုက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ အထိအခိုက်များခဲ့ကာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KIA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒေသခံတဦးက “နမ်ဆန်ယန် အထက်ဘက်လမ်းခွဲကို တက်လာတဲ့အချိန် KIAက စောင့်ပြီးပစ်တာ။ တိုက်ပွဲအရမ်းပြင်းထန်တယ်တဲ့။ ညဘက်ကျတော့ လေယာဥ်နဲ့ ဗုံးကြဲသွားတယ်။ ရွာထဲမှာတော့ လူတွေ မနေကြတော့ဘူး”လို့  အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် ၃ ရက်ကစပြီး အင်အားတိုးချဲ့တည်ဆောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ယခုအချိန်ထိ အင်အားတွေကို ထပ်မံစေလွှတ်နေတာကြောင့် စစ်ရေးအရ တင်းမာမှုအမြင့်ဆုံးဖြစ်နေပြီး တိုက်ပွဲတွေဟာ နေ့စဥ်ဆိုသလို ဖြစ်နေပါတယ်။

ဇူလိူင် ၂၆ ရက်နေ့ကလည်း နမ်ဆန်ယန်အနီးမှာကို ထိုးဖောက်လာတဲ့စစ်ကြောင်းတစ်ခု ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရပြီး ညနေ ၅ နာရီခန့်က လေကြောင်းပစ်ကူရယူစဥ်မှာ မှားယွင်းဗုံးကြဲမှုမိလို့ စစ်ကောင်စီစစ်ကြောင်းမှာ ပါဝင်တဲ့ အရာရှိအပါဝင် အကျအဆုံးရှိခဲ့တယ်လို့ KIA နဲ့နီးစပ်တဲ့ ရင်းမြစ်က ပြောပါတယ်။

၂၆ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဂျာယန်၊ နမ်ဆန်ယန်၊ မဒီးယန်ကျေးရွာတွေကို လေယာဥ်နဲ့ မှားပြီး ဗုံးကြဲချမိလို့ သေသွားတာလို့ သိရပါတယ်။

ကချင်တပြည်နယ်လုံး နေရာအနှံ့ တိုက်ပွဲတွေဖြစ်နေပြီး  အင်အားအလုံးရင်းနဲ့​ နမ်ဆန်ယန်ကို ခြေကုပ်ရယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်မြောက်ရေးတပ် KIAက ဒေါ့ဖုန်းယန်၊ အောင်ဂျာ၊ ခလား၊ မဒီးယန်စတဲ့နေရာတွေမှာ အသာစီးရယူ ပိတ်ဆို့တိုက်ခိုက်ထားတာကြောင့် စစ်ကောင်စီအင်အားများစွာ ပိတ်မိနေပါတယ်။

လက်ရှိမှာလည်း နှစ်ဖက်တပ်ဖွဲ့တွေဟာ တိုက်ပွဲဝင်အနေထားနဲ့ အသင့်ဖြစ်နေကြပြီး နှစ်လအတွင်း တိုက်ပွဲများစွာ ပုံဖော်ခဲ့ပြီးဖြစ်ပေဲ့ အင်အားဆက်လက်တိုးချဲ့နေတာကြောင့် လုံခြုံရေး အထူးဂရုပြုရမယ့်ဒေသအဖြစ် သတ်မှတ်ရမယ့်ကိစ္စ ဖြစ်လာပြီလို့ ဒေသတွင်းက အာဏာပိုင်တွေနဲ့ ဘာသာရေးအဖွဲ့အစည်းများက ကြေညာချက် ထုတ်ပြန်သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024