
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သား ပြည်သူတွေထဲက အမျိုးသားတယောက် ဩဂုတ် ၂၆ ရက်နေ့က စစ်ကြောရေးမှာ ရိုက်နှက် နှိပ်စက်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၁၉ ရက်က မိုးကောင်းအ.ထ.က (၁) ကျောင်းမှာ ကျောင်းလာကြိုတဲ့စစ်ကား ပစ်ခတ်ခံရပြီးနောက် နတ်ကြီးကုန်း ပျော်လင့်ရပ်ကွက်မှာနေထိုင်တဲ့ မိသားစုကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။
သြဂုတ်လ ၂၆ ရက်နေ့မှာတော့ ဝေပုလတောင်ခြေက အမှတ် ၇၄ တပ်အတွင်း စစ်ကြောရေးမှာ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေစဉ် ဖမ်းဆီးခံ မိသားစုဝင်ထဲက အသက် ၄၀ အရွယ် ဦးဝဘော်တန်ဂွမ်းဟာ လက်လွန်ပြီး သေဆုံးသွားတာလို့ မိသားစုနဲ့နီးစပ်တဲ့ ပျော်လင့်ရပ်ကွက်သား တစ်ဦးက ပြောပါတယ်။
"မိသားစုဝင် သုံးဦးစလုံး အဖမ်းခံရတာ။ ရိုက်နှက် စစ်ဆေးတာ လက်လွန်ပြီး သေသွားတယ်။ သေတာက ၂၆ ရက်နေ့က။ အပြင်မှာရှိတဲ့ မိသားစုဝင်တွေကို အကြောင်းကြားတာက ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ။ သေတဲ့ရုပ်အလောင်းကို ဘာသာရေးအရ သင်္ဂြိုဟ်မလို့ အလောင်းတောင်းတာတောင် ပြန်မပေးဘူး။”
စစ်ကြောရေးမှာ စစ်ဆေးစဉ် သေဆုံးသွားခဲ့တဲ့ ဦးဝဘော်တန်ဂွမ်းရဲ့ အလောင်းပြန်မရတဲ့အတွက် မိသားစုဝင်တွေက ဘာသာရေးအရ သင်္ဂြိုဟ်ခွင့်မရတဲ့အပြင် ဇနီးဖြစ်သူနဲ့ သားဖြစ်သူကိုလည်း စစ်ကြောရေးမှာ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
သြဂုတ် ၁၉ ရက်က ကျောင်းလာကြိုတဲ့ စစ်ကား ပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီးနောက် စစ်ကောင်စီတပ်က မိုးကောင်းမြို့နယ်အတွင်း ဒေသခံ ပြည်သူ အယောက် ၇၀ ထက်မနည်းကို လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပေမဲ့ အဖမ်းခံရသူတွေအထဲမှာ နာမည်သိရှိရသူက အမျိုးသား အမျိုးသမီး ၁၇ ယောက်သာရှိပါတယ်။











