DVB Logo
Home
မြန်မာသတင်း
မင်းအောင်လှိုင်ခရီးစဉ်ကို သပိတ်မှောက်ရန် မလေးရှားရောက် မြန်မာများကို တိုက်တွန်း
DVB
·
October 5, 2026
Photo : PPIB
Photo : PPIB
Donate to DVB

စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ မလေးရှားနိုင်ငံခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ မလေးရောက်မြန်မာတွေ အလုပ်ကနေ ၁ ရက် ခွင့်ယူပြီး သပိတ်မှောက်ကြဖို့ မြန်မာ့အရေး မဟာမိတ်အင်အားစု (MAA) တိုက်တွန်းပါတယ်။

မလေးရှား၀န်ကြီးချုပ် အန်ဝါအီဗရာဟင်ရဲ့ ဖိတ်ကြားချက်အရ စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၇ ရက်မှာ မလေးရှားနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး မလေးရှားနိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ အဲဒီနေ့မှာ အလုပ်မသွားဘဲသပိတ်မှောက်တဲ့ Work Stoppage Strike လုပ်ကြဖို့ တောင်းဆိုထားတာပါ။

‘ကျွန်ုပ်တို့၏ မိသားစု၊ ဆွေမျိုးသားချင်းများကို နေ့စဉ်နဲ့အမျှ ရက်စက်စွာသတ်ဖြတ်နေသူအား မလေးရှားမြေပေါ်တွင် မည်သို့မျှလက်သင့်ခံမည်မဟုတ်ကြောင်းပြသရန် အချိန်ရောက်ပြီ။ ထို့ကြောင့် မလေးရှားနိုင်ငံတဝန်းရှိ မြန်မာနိုင်ငံသားများအားလုံး အောက်တိုဘာလ ၇ ရက်နေ့တွင် အလုပ်ခွင်သို့ ၁ ရက်တာ လုံးဝမသွားရောက်ဘဲ အလုပ်ရပ်နားသပိတ်မှောက် (Work Stoppage Strike) ခြင်းဖြင့် ဤလှုပ်ရှားမှုကြီးတွင် တခဲနက်ပါဝင်ကြရန် လေးနက်စွာ ဖိတ်ခေါ်အပ်ပါသည်’ လို့ ထုတ်ပြန်ပါတယ်။

ဒီသပိတ်မှောက်မှုတွေဟာ မလေးရှားအလုပ်ရှင်တွေရဲ့ စီးပွားရေးကို ထိခိုက်နစ်နာအောင် ရည်ရွယ်တာမဟုတ်သလို အလုပ်ရှင်နဲ့အလုပ်သမားကြား ပြဿနာဖန်တီးဖို့လုပ်တာ မဟုတ်ကြောင်းနဲ့ အလုပ်ရှင်တွေအနေနဲ့ မြန်မာအလုပ်သမားတွေအပေါ် ကိုယ်ချင်းစာ နားလည်ပေးဖို့လည်း MAA က မေတ္တာရပ်ခံထားပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ပြည်သူရွေးချယ်တင်မြှောက်ထားသူမဟုတ်ဘဲ အရပ်သားတွေကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတဲ့ ရာဇဝတ်ကောင်ဖြစ်ပြီး မလေးရှားနိုင်ငံအနေနဲ့ သူနဲ့တွေ့ဆုံတာက မလေးရှားနိုင်ငံအတွက် အရှက်ရစရာကိစ္စလို့လည်း ဆိုပါတယ်။

အလုပ်ရပ်နား သပိတ်မှောက် လှုပ်ရှားမှုကြီးနဲ့အတူ စစ်အာဏာရှင်တွေ မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ‌အများပြည်သူနဲ့ဆိုင်တဲ့စီးပွားရေး အဆောက်အအုံတွေကို စစ်ရေးပစ်မှတ်အနေနဲ့ လေကြောင်းကဗုံးကြဲတိုက်ခိုက်တာတွေကို ရပ်တန့်ဖိုလည်း တောင်းဆိုထားပါတယ်။

မြေပြင်လှုပ်ရှားမှုမှာ မပါဝင်နိုင်သူတွေအနေနဲ့ အွန်လိုင်းကနေ ‘The Bloodstained Ghost (သွေးစွန်းနေသော စစ်ရာဇဝတ်ကောင်)’ Profile ပုံကို Facebook အကောင့်တွေမှာတင်ပြီး စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြနိုင်တယ်လို့ MAA က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013