
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ ပုလဲ-ဂန့်ဂေါလမ်း ပြည်ထောင်စုလမ်းမကြီးမှာ သြဂုတ် ၂၂ ရက်က မိုးသည်းထန်စွာရွာတာကြောင့် မိုင်တိုင် ၅၁ မိုင်အနီးမှာ ပေ ၁၃၀ ဝန်းကျင် မြေသားပြိုကျပြီး ပြန်အသုံးပြုနိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
ပုလဲ-ဂန့်ဂေါလမ်းဟာ ပုလဲမြို့နယ်ရဲ့ အဓိက ပြည်ထောင်စုလမ်းမကြီးဖြစ်ပြီး ချင်းပြည်နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်အပြင် ပုလဲ၊ ဂန့်ဂေါ၊ မုံရွာ၊ ဟားခါး ကိုဆက်သွယ်ထားတဲ့လမ်းက မြေသားမငြိမ်ဘဲ ပြတ်ရွေ့ကြောနဲ့ မိုးများတာကြောင့် လမ်းက အနိမ့်ထဲကို လျှောကျသွားခဲ့တာလို့ ပုလဲမြို့နယ်ပအဖ လူသားစာနာမှု တာဝန်ခံက ပြောပါတယ်။
“မိုခါမုန်တိုင်းတုန်းကလည်း ပုလဲမြို့နယ်မှာ မိုးက အကြီးကျယ်ရွာခဲ့တယ်။ ခုလည်း မိုးက တောင်ပေါ်ဒေသ ပုံတောင်တောင်တန်းတွေမှာ ကြီးကြီးကျယ်ကျယ် ရွာပါတယ်။ အဓိက မိုးက ဆက်တိုက်ပြင်းပြင်းထန်ထန် ရွာတော့ မြေသားတွေ ပျော့ပြီးတော့ ဒီလမ်းပိုင်းက မြေသားကနေ လျှောပါသွားတဲ့ အနေအထား ဖြစ်သွားတာပါ။”
ပျက်စီးသွားတဲ့လမ်းက ကုန်စည်ပို့ဆောင်ရေးနဲ့ ခရီးသွားလာမှုအတွက်လည်း အဓိက အသုံးပြုနေရတဲ့လမ်းဖြစ်ပြီး အရင် အန်အယ်လ်ဒီအစိုးရလက်ထက်မှာလည်း မိုးများတဲ့အခါ ပြုပြင်မှုတွေ အကြီးစားလုပ်ခဲ့ရတဲ့လမ်းပိုင်း ဖြစ်ပါတယ်။
မိုးများပြီး မြေသားမညီဘဲ ပျက်စီးသွားတဲ့လမ်းကို ပုလဲမြို့နယ် ပအဖ၊ ပကဖ၊ တိုက်နယ်တွေရဲ့ အကူအညီနဲ့ ယာယီအသုံးပြုလို့ရအောင် ကွင်းလမ်းဖောက်လုပ်ခဲ့ပေမဲ့ မိုးထပ်များရင် ပျက်စီးနိုင်တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ် ပအဖ တာဝန်ရှိသူက “စစချင်း ပြတ်တုန်းကတော့ ကားတွေ ပိတ်တာတွေ ရှိပါတယ်။ တိုက်နယ် ပကဖ၊ ပအဖ တွေ အမြန်ပြင်ပေးတော့ ကားပိတ်တာလည်း ယာယီပါပဲ။ လမ်းလည်း ယာယီပဲ ပြင်နိုင်တဲ့ အနေအထားဆိုတော့ မိုးထပ်များရင် ပျက်နိုင်တဲ့အနေထားပဲ”လို့ ပြောပါတယ်။
ပုလဲမြို့နယ်မှာ အခုလို လမ်းပိုင်း ပျက်စီးတာကို ပြုပြင်ဖို့ ပုလဲမြို့နယ် ပအဖမှာလည်း အခွန်ငွေ မလုံလောက်တာကြောင့် ကားဆရာနဲ့ ခရီးသွားတွေဆီက တတ်နိုင်သလောက် အလှူခံသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
ပြိုကျပျက်စီးသွားတဲ့လမ်းကို ရေရှည်သွားလာနိုင်အောင် မြေထိန်းနံရံ တည်ဆောက်ပြီး ပြုပြင်ဖို့ ကျပ်သိန်း ၃၀၀ ကျော် ကုန်ကျမယ်လို့ သိရပါတယ်။