DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ အကြံပြုချက်များ အလေးထားဆောင်ရွက်မည်ဟု NUG ပြော
DVB
·
August 27, 2023
နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ အကြံပြုချက်များ အလေးထားဆောင်ရွက်မည်ဟု NUG ပြော
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ မျိုးဆက်အသီးသီးရဲ့ ဆွေးနွေးအကြံပြုချက်တွေကို အလေးထား ဆောင်ရွက်သွားမယ်လို့ NUG သတင်းအချက်အလက် နည်းပညာဝန်ကြီးက ပြောပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကို ဒေသစံတော်ချိန် ဩဂုတ် ၂၆ ရက် မနက်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ စတင်ကျင်းပနေတာပါ။ 

ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကိုယ်စားလှယ်တွေ၊ NLD ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ ပညာရှင်တွေ၊ မြေပြင် PDF အဖွဲ့တွေ၊ ပြည်ပရောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ 

၂ ရက်ကြာကျင်းပပြီးနောက် ညီလာခံကနေထွက်ပေါ်လာမယ့် တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းတွေရဲ့ အားသာချက်အားနည်းချက်တွေကို သက်ဆိုင်ရာအစုအဖွဲ့တွေဆီ အိတ်ပိတ်စာ ပေးပို့ပြီး အပြုသဘောဝေဖန်သွားမယ်လို့ နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကျင်းပရေးကော်မတီ ပြောခွင့်ရ ဦးကိုကိုလေးက ပြောပါတယ်။

"တတိယအင်အားစု စုစည်းတာမဟုတ်ပါဘူး။ ပြည်သူအားလုံးရဲ့ အင်အားကို စုစည်းတာဖြစ်ပါတယ်။ ဒီညီလာခံပြီးရင် ကျနော်တို့ အဆင့် ၃ ဆင့်ခွဲပြီးတော့ လုပ်ကိုင်မယ့်အပိုင်းရှိပါတယ်။ ပထမဦးဆုံးအပိုင်းကတော့ ပြည်သူအားလုံးကြားသိအောင် ကြေညာစာတမ်းတွေထုတ်မယ်။ ၂ ကတော့ လောလောဆယ်ရှိတဲ့ နိုင်ငံရေး စစ်ရေး ပေါ့နော်။ NUG၊ CRPH ၊ NUCC ၊ EROs တို့ ရှိသမျှအဖွဲ့အစည်းတွေရဲ့ အားနည်းချက် အားသာချက်လေးတွေကို ကျနော်တို့က အိတ်ပိတ်ပေးစာနဲ့ပိတ်ပြီးတော့ သူတို့ဆီကို ပေးပို့ပြီး အကြောင်းကြားမှာဖြစ်ပါတယ်။ အပြုသဘောဝေဖန်ကြမှာဖြစ်ပါတယ်။ တတိယအဆင့်ကတော့ ကျနော်တို့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ နံပါတ် ၁ က ဆန္ဒထုတ်ဖော်ပွဲတွေ၊ ပြည်တွင်းပြည်ပ ဆက်လက်ပြီး Networking ရှိရှိနဲ့ လုပ်ကိုင်ကြမယ်။ နောက်တချက်ကြတော့ သံတမန်ရေးရာတိုက်ပွဲတွေလည်း လုပ်သွားမှာဖြစ်တယ်။ တတိယတချက်ကတော့ ထောက်ပို့ပေါ့။ ရှေ့ကတိုက်နေတဲ့သူတွေကို ကျနော်တို့ ဝန်းရံပံ့ပိုးမှာဖြစ်ပါတယ်။"

ညီလာခံကို ပြည်တွင်းက မြေပြင် PDF တွေ၊ အရပ်ဖက်အဖွဲ့ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေက အွန်လိုင်းကနေ ချိတ်ဆက်ပါဝင် အကြံပြုပြောဆိုတာတွေရှိခဲ့ပါတယ်။ ညီလာခံမှာပါဝင်တဲ့ မျိုးဆက်အသီးသီးရဲ့ဆွေးနွေးအကြံပြုချက်တွေဟာ အလေးထားဆောင်ရွက်သွားရမယ့် အနေအထားဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။‌

"Generation ပေါင်းစုံကနေပြီးတော့ သူတို့ရဲ့အတွေးအမြင်တွေ၊ လက်ရှိမြေပြင်မှာ သွားပြီးအလုပ်လုပ်နေတဲ့သူတွေ၊ မြေပြင်ကိုဆင်းကြည့်ပြီးတော့မှ ပြန်လာကြတဲ့သူတွေ၊ ၈၈မျိုးဆက်တွေ၊ အစရှိသဖြင့် အကုန်လုံးကပါဝင်ပြီးတော့ သူတို့ရဲ့အတွေ့အကြုံတွေ၊ နိုင်ငံရေးနဲ့ပတ်သက်ရင်လည်းနိုင်ငံရေး၊ စစ်ရေးနဲ့ပတ်သက်ရင်လည်းစစ်ရေး၊ ဘဏ္ဏာရေး နဲ့ ပတ်သက်ရင်လည်း ဘဏ္ဏာရေးရှုထောင့်၊ ဘဏ္ဏာရေးတိုက်ပွဲ ဘယ်လိုရှုထောင့်ကနေ ဘယ်လိုတိုက်ကြမလဲ၊ အရေးယူပိတ်ဆို့မှုတွေ ဘယ်လိုလုပ်ကြမလဲ၊ အကုန်လုံးဆွေးနွေးပြီးတော့မှ သူတို့ဘက်က တက်လာမယ့် အကြံပြုချက်တွေ၊ အိတ်ဖွင့်ပေးစာ၊ အိတ်ပိတ်ပေးစာ၊ အစရှိသဖြင့် ဒီလိုမျိုးတက်လာတဲ့ အကြံပြုချက်တွေအပေါ်မှာ ကျနော်တို့က အလေးထားဆောင်ရွက်သွားရမယ့် အနေအထားလို့မြင်ပါတယ်။ အင်မတန်ကောင်းတဲ့ ဆွေးနွေးချက်တွေဖြစ်လာမယ်လို့လည်း ကျနော်တို့ မျှော်လင့်ထားပါတယ်။"

ညီလာခံမှာ နိုင်ငံရေး၊ စစ်ရေး၊ တိုင်းရင်းသားနဲ့ဖက်ဒရယ်အရေး၊ ဘဏ္ဏာရေး၊ ထောက်ပို့ စတဲ့ကိစ္စရပ်တွေကို ခေါင်းစဉ်ခွဲဆွေးနွေးခဲ့ကြပြီး မြေပြင်က စစ်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ရေးဟာ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပါတယ်။ ပြည်သူအချင်းချင်းကူညီတဲ့နည်းလမ်းဟာ ရေရှည်အတွက်  ဆင်မပြေနိုင်တာကြောင့် နိုင်ငံတကာအကူအညီတွေရရှိရေးအတွက် စည်းကမ်းကောင်းတဲ့တော်လှန်ရေးသဏ္ဏန်ကိုဖော်ဆောင်နိုင်ဖို့လိုတယ်လို့ ချင်းတိုင်းရင်းသား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က သုံးသပ်ပါတယ်။

ရိုဇလင်း ဇာဟောင် (United States Chin Coalition - USCC) က "တနိုင်ငံလုံးနီးပါး ဒီလောက်ဒုက္ခရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒါကို Personal Level နဲ့ကူညီတာ အဖွဲ့အစည်းအနေနဲ့ကူညီတယ်ဆိုတာ ရေရှည်အတွက်က သိပ်ပြီးတော့ အလုပ်မဖြစ်ဘူးပေါ့။ နိုင်ငံတကာကနေ အကူအညီတောင်းခံတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့ တချို့တော်တော်များများမှာ မေးခွန်းလေးတွေလည်း ရှိတယ်ပေါ့။ နိုင်ငံရေးကို မဖြေရှင်းနိုင်လို့ရှိရင် လူမှုရေးရာ အကျပ်အတည်းတွေကတော့ ဆက်ရှိနေမှာပဲ။ ဆိုတော့ နိုင်ငံရေးကိစ္စမှာလည်း ကျမတို့ပြောသလို ဒီထက် ကျမတို့ပိုပြီးတော့ စည်းလုံးပါတယ်။ စည်းနဲ့ကမ်းနဲ့သွားနေတဲ့ တော်လှန်ရေးဖြစ်ပါတယ်ဆိုတာ ထပ်ပြီးပြသနိုင်ဖို့လိုတယ်လို့ ကျမမြင်ပါတယ်" လို့ ပြောပါတယ်။

ညီလာခံကို အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကနေဒါနဲ့ ဥရောပနိုင်ငံတွေကို ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံဟာ တတိယအင်အားစု တည်ဆောက်တာမျိုး မဟုတ်ဘဲ ပြည်သူ့အသံကို အနီးကပ်ဆုံး ချဉ်းကပ်နိုင်ဖို့ ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ ကျင်းပရေးကော်မတီဝင်တွေက ပြောပါတယ်။ 

ညီလာခံမှာ တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတွေကို အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပေးမှုတွေသာ ပြုလုပ်ဖို့ စီစဉ်သူတွေက မူဝါဒချမှတ်ထားပြီး တော်လှန်ရေးအတွက် လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာကွန်ရက်ကြီးတခု ဖြစ်ပေါ်လာရေးကိုသာ ဦးစားပေး ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013