ကေအိုင်အေ ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့နားက မိုးမောက်မြို့နယ်၊ မဒီးယန်ရွာနားမှာ ဩဂုတ် ၂၆ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ ကေအိုင်အေတို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ကေအိုင်အေ ရှေ့တန်း အသိုင်းအဝိုင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်တယောက်က "နမ်ဆန်ယန်နဲ့ မဒီးယန်ဘက် လေကြောင်းနဲ့ ဗုံးလာကြဲနေတယ်" လို့ ပြောပါတယ်။
မဒီးယန်ဘက်မှာ စစ်ကောင်စီတပ်တွေ ထိခိုက်တာများလို့ ညနေပိုင်း ၄ နာရီကျော်လောက်နဲ့ ၅ နာရီကျော်မှာ မြစ်ကြီးနားဘက်က စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ၂ ကျော့ ဗုံးလာကြဲသွားတာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတယောက်ကလည်း "ဒီမနက်ကစ ဝေလီဝေလင်းကစ အောင်ဂျာ အောက် မဒီးယန်၊ ခါ့ဆန် ဘက် တကြော တိုက်ပွဲ ပြင်းထန်နေတယ်။ မန်ဂျယ်၊ ယိခူး၊ မံခမ်၊ ဂေါင်ဒိန်၊ မံဝိန်း၊ မံယွက် ရွာတွေ အဲဒီ တကြောလည်း ဒီနေ့ တိုက်ပွဲ တော်တော် ပြင်းနေတယ်" လို့ ပြောပါတယ်။
တိုက်ပွဲတွေက တကျော့ပြန်ထပ်ဖြစ်လာရင် ပိုမို ပြင်းထန်လာမယ့် အခြေအနေဖြစ်နေပြီး ဒီနေ့ တိုက်ပွဲဖြစ်တာက ဗန်းမော်ဘက်က အင်အား ထပ်ဖြည့်လာတဲ့ စစ်ကောင်စီနဲ့လား၊ တလောက လက်ကျန် စစ်ကောင်စီအဖွဲ့နဲ့လားတော့ အတိအကျ မသိရဘူးလို့ သူက ပြောပါတယ်။
ဒေသခံ အမျိုးသမီးတယောက်ကလည်း တလောက သင်္ဘောနဲ့တက်လာတဲ့ စစ်ကောင်စီ အင်အား ၁၀၀၀ လောက်က အဲဒီ မဒီးယန်ဘက် စစ်ကြောင်း ပြန်ထိုးတက် လာတာကြောင့် မဒီးယန်မှာ တော်တော်လေး တိုက်ပွဲပြင်းထန်နေတာလို့ ပြောပါတယ်။
အဲဒီဘက်မှာ တိုက်ပွဲ မဖြစ်တာ ၁ လ လောက်ရှိပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။
မဒီးယန်ရွာနဲ့ အောင်ဂျာရွာကြားမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့က ဗန်းမော်မြို့ကနေ နမ်ဆန်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ရာက ၅ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် အဲဒီည ၁၀ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။