
ရုရှားနဲ့ ယူကရိန်းတို့အကြား တိုက်ပွဲတွေဟာ ဩဂုတ် ၂၄ ရက်မှာလည်း ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒရုန်းတွေ၊ ဆိပ်ကမ်း အဆောက်အအုံတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ အပါအဝင် ၂ ဖက်တပ် အသီးသီးရဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်နေကြတယ်လို့ ဩဂုတ် ၂၅ ရက် မှာ ထုတ်ပြန်တဲ့ သူတို့ရဲ့ နေ့စဉ် သတင်းတွေအရ သိရပါတယ်။
ရုရှားစစ်တပ်ဟာ ယူကရိန်းဆိပ်ကမ်းအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖို့အတွက် ပင်လယ်ပြင် အခြေစိုက် တာဝေးပစ် လမ်းညွှန်ချက် တိကျလက်နက်တွေကို အသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယူကရိန်း Su-25 တိုက်လေယာဉ်ကို ပစ်ချခဲ့ခြင်း အီလက်ထရွန်နစ် စစ်ဆင်ရေး ကိရိယာကနေတဆင့် ယူကရိန်းဒရုန်း ၇၃ စင်းကို ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ချခြင်းတွေအပြင် အမေရိကန်လုပ် ဒုံးပျံတွေနဲ့ ဒုံးကျည်အများအပြားကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းစစ်တပ် ဦးစီးချုပ်ရုံးကလည်း လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ရှေ့တန်းမှာ တိုက်ပွဲပေါင်း ၃၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းလေတပ်၊ ဒုံးပျံနဲ့ အမြောက် တပ်ဖွဲ့တွေဟာ ရုရှားထိန်းချုပ်ရေးစခန်းတွေ၊ ဝန်ထမ်းတွေနဲ့ လက်နက်ပစ္စည်း ထားရှိတဲ့နေရာတွေ၊ ဒုံးကျည်နဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ အမြောက်တွေနဲ့ တခြားပစ်မှတ်တွေကို ထိမှန်သွားခဲ့တယ်လို့ သိရပါတယ်။
Source/Photo-Reuters











