Home
မြန်မာသတင်း
ရှိန်းမကားရဲစခန်းတိုက်ခိုက်ခံရ၊ ခင်ဦးမြို့နယ်၌  ဒေသခံထောင်ချီ စစ်ဘေးရှောင်
DVB
·
August 26, 2023

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာ ရဲစခန်းနဲ့ ရှိန်းမကားကျေးရွာအတွင်းက စစ်ကောင်စီတပ် ကင်းပုန်းတွေကို သြဂုတ် ၂၄ ရက် ညနေ ၄ နာရီလောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ရှိန်းမကားရဲစခန်းထဲကနေ ကျေးရွာထဲကို စစ်ကောင်စီတပ်က နယ်မြေဖြန့်ပြီး ကင်းပုန်းတွေ ချထားတဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဗိုလ်ကျားကြီးအဖွဲ့မှ ဗိုလ်ကျားကြီးက ပြောပါတယ်။

“စခန်းပေါ်နဲ့ ကင်းဝပ်တဲ့နေရာတွေနဲ့ သူတို့ချဲ့လာတဲ့ နေရာတွေကို ပစ်ခဲ့တာ။ ခု ထန်းကြီးဘက်မှာလည်း စစ်ကြောင်းရှိတော့ သူတို့အားကိုးရှိတယ်ဆိုပြီး နယ်မြေချဲ့ချဲ့လာတာ။ ရဲစခန်းနဲ့ သူတို့ရှိတဲ့နေရာ တော်တော်များများကို ပစ်ခဲ့တယ်။ ၆၀ မမတွေနဲ့ ၇ လုံး ပစ်ခတ်ခဲ့တယ်။ ၈၀ မမ ၈ လုံး ပစ်ခဲ့တယ်။ လက်နက်ငယ်တွေလည်း ပစ်ခဲ့တယ်။ သူတို့ ကောင်တာပြန်တာရပ်တဲ့အချိန် နီးနီးနားနားထိ ပစ်ခတ်နိုင်ခဲ့တယ်။”

ရှိန်းမကားရွာက စစ်ကောင်စီတပ်သားတွေကလည်း ပုံမှန်ဆို စက်လက်နက်နဲ့ပဲ ပြန်ပစ်ပေမဲ့ အခုတခါမှာတော့ ၆၀မမ လက်နက်ကြီး ၇ လုံးနဲ့ ပြန်ပစ်ခဲ့တယ်လို့ သိရပါတယ်။

ရှိန်းမကားကျေးရွာက စစ်ကောင်စီတပ် စစ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

ရှိန်းမကားရွာ ရဲစခန်းနဲ့ ကင်းပုန်းစစ်သားတွေကို တောကြီးမြွေပွေးအဖွဲ့၊ ဗိုလ်ကျားအဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ တိုက်နယ် မီးတောက်အဖွဲ့နဲ့ ရွှေကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှာတော့ သြဂုတ် ၂၅ ရက်က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ၂ ခု တပြိုင်တည်း ခြေလျှင်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေ ထောင်နဲ့ချီ အရေးပေါ် စစ်ကြောင်းရှောင်နေကြရပါတယ်။

စစ်ကြောင်းထိုးလာလို့ အရေးပေါ် ထွက်ပြေးနေရတဲ့ ကျေးရွာတွေဟာ ပင်တင်ရွာ၊ ကြာပင်အိုင်၊ သရက်ပင်ဝန်း၊ ညောင်ပင်ကြီးစု၊ သိမ်တော် စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦး သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူ ကိုမျိုးကြီးက “ကျနော်တို့ ခင်ဦးနယ်အတွင်းကတော့ ဒီနေ့ စစ်ကြောင်း နှစ်ကြောင်းနဲ့ စစ်ကောင်စီတပ်က ခြေလျှင် စစ်ကြောင်းထိုးနေတယ်ဗျ။ ခြေလျှင်စစ်ကြောင်း ၁ က ခင်ဦးမြို့ပေါ်ကနေ ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းကစပြီး စစ်ကြောင်းစထိုးလာတယ်။ အခုအချိန်အထိ အဲဒီစစ်ကြောင်းက ပင်တင်းရွာအနီး ရောက်ရှိနေတယ်ဗျ။ အဲလိုရောက်လာတော့ ပင်တင်းရွာ အပါအဝင် အနီးအနားက ကျေးရွာ ၄ ရွာက ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ နောက်စစ်ကြောင်းတကြောင်းက ရေဦးမြို့ကနေ စထွက်လာတဲ့ စစ်ကြောင်းက ရွှေဘိုနယ် မြင်းစီးပျူရွာကို စစ်‌ကြောင်းစထိုးလာတယ်။ အခုကြတော့ ရွှေဘိုနယ် သရက်ပင်ဝန်းကျေးရွာဘက်ကနေ ခင်ဦးနယ် အနောက်တောင်ခြမ်းရှိ ကျေးရွာတွေဆီ လက်နက်ကြီးငယ်တွေ ပစ်ခတ် စစ်ကြောင်းဝင်နေတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်အတွင်း အကြိမ်ကြိမ် စစ်ကြောင်းထိုး ကျေးရွာတွေကို မီးရှို့နေတာကြောင့် ဒေသခံတွေ အကြိမ်ကြိမ် ထွက်ပြေးနေရကာ စာဝတ်နေရေး အလုပ်အကိုင်တွေ ပုံမှန်လုပ်ကိုင်ရခြင်း မရှိတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ခင်ဦးဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024