DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် MoU သက်တမ်းပြည့် မြန်မာလုပ်သားများ ပြည်တွင်းပြန် သက်တမ်းတိုးရမည်
DVB
·
August 25, 2023
ထိုင်းရောက် MoU သက်တမ်းပြည့် မြန်မာလုပ်သားများ ပြည်တွင်းပြန် သက်တမ်းတိုးရမည်
Donate to DVB

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ MoU သက်တမ်း ၄ နှစ်ပြည့် မြန်မာအလုပ်သမားတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) ကတ်အတွက် ဘတ် ၂၅၀ ပေးစရာ မလိုတော့ဘူးလို့ ဘန်ကောက် မြန်မာသံရုံးက သြဂုတ် ၁၇ ရက်မှာ ကြေညာပါတယ်။

အခုကြေညာချက်အရ သက်တမ်းပြည့်လုပ်သားတွေ အနေနဲ့ မြန်မာနိုင်ငံကို ပြန်ပြီး MoU စာချုပ်အသစ် ထပ်မံချုပ်ဆိုပြီးမှသာ သက်ဆိုင်ရာ အလုပ်သမားရုံးတွေမှာ OWIC ကတ် လျှောက်ကာ ထိုင်းနိုင်ငံတွင်းကို ပြန်လည်ဝင်ရောက်နိုင်မယ်လို့ သိရပါတယ်။

ဒီလိုထုတ်ပြန်တာနဲ့ ပတ်သက်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေတဲ့ကြားက နိုင်ငံတွင်း ပြန်ဝင်ရောက်ဖို့ ဖိအားပေးတဲ့သဘောလို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ပြောမယ်ဆိုရင် ထိုင်းမှာရှိတဲ့ လုပ်သားတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အိုးမကွာ အိမ်မကွာ One Stop Service ဆောင်ရွက်ပေးရာကနေ မဖြစ်မနေ မြန်မာနိုင်ငံကို ပြန်ကိုပြန်ရမယ်ဆိုတဲ့ မသိမသာ အကျပ်ကိုင် ဖိအားပေးမှု၊ နောက် နိုင်ငံခြားငွေရအောင် သူတို့ နိုင်ငံခြားငွေ ကြီးကြီးမားမား လိုအပ်နေတယ်။ အဲ့အတွက် မျက်ကလဲဆန်ပြာ ဖုတ်ပူမီးတိုက်လုပ်တဲ့ လုပ်ငန်းစဉ်တရပ်လို့ မြင်တယ်။ ဒီ OWIC ကတ်က အပေါ်ယံကြည့်ရင် ၂၅၀ ဘတ် မကောက်တော့ဘူး။ သို့သော် မြန်မာနိုင်ငံကိုတော့ မြန်မာလုပ်သားတွေ ပြန်ကို ပြန်ရမယ်။ မြန်မာနိုင်ငံကနေ ပြည်ပကို ထွက်ခွာတော့မယ်ဆိုမှ အဲဒီ OWIC ကတ်ကို ပြန်လျှောက်ဆိုတာ ဒါဟာ ဖိအားပေးတာ၊ အကျပ်ကိုင်တာ၊ မြန်မာလုပ်သားတွေ သက်ညှာခွင့် သက်သာခွင့် ရမယောင်ယောင်နဲ့ ကျပ်တည်း ကျဉ်း‌ေမြာင်းအောင် ဘောင်ခတ်လိုက်တာပဲ။ ခြိမ်းခြောက် အကျပ်ကိုင်လိုက်တာပဲ။ အဲ့လို မြင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ စစ်တပ် အာဏာသိမ်းထားတဲ့ကာလမှာ မြန်မာနိုင်ငံကိုပြန်ဖို့ မလွယ်ကူဘဲ လက်ရှိ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီက နွေဦးတော်လှန်ရေးမှာပါတဲ့ အလုပ်သမားတွေကို အချိန်မရွေး ဖမ်းဆီး ထောင်ချနိုင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ဒီအတွက်ကြောင့် ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နေရပ်ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံတွင်းမှာပဲ သက်တမ်းတိုးကိစ္စတွေ၊ အလုပ်သမား အထောက်အထား လျှောက်ထားနိုင်ခွင့်တွေ ရရှိဖို့ ထိုင်းအစိုးရ အလုပ်သမား ဝန်ကြီးဌာနကို စဉ်ဆက်မပြတ် တောင်းဆိုနေတယ်လို့ သိရပါတယ်။0

အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေကို အကျိုးအကြောင်း ပြောပြပြီး တောင်းဆို လုပ်ကိုင်တာတွေ ရှိတယ်လို့ ထိုင်းအခြေစိုက် အလုပ်သမား အခွင့်အရေး ဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောပါတယ်။

LRF - Labor Rights Foundation တာဝန်ရှိသူ ဦးအောင်ကျော်က “ဒါကတော့ သက်တမ်းပြည့် MoU လုပ်သားတွေကိုတော့ သူတို့က ပြန်ကိုပြန်စေချင်တဲ့ ဆန္ဒမျိုးနဲ့ နှိုးဆော်နေတာ တွေ့ရတယ်။ သို့သော် အလုပ်သမားအများစုကလည်း သူတို့ လက်ရှိကာလမှာ နေရပ်ပြန်ဖို့ အတော်အဆင်မပြေဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေကို ကြိမ်ဖန်များစွာ တောင်းဆိုကြပါတယ်။ ဒီအချိန်ကာလမျိုးမှာ နေရပ်ပြန်ပြီး MoU ချုပ်ဆိုဖို့က အဆင်မပြေတဲ့အကြောင်း၊ သူတို့မှာ နေစရာနေအိမ် မရှိတာတို့၊ ကျေးရွာ ရပ်ကွက်တွေ မီးရှို့ခံထားရတာတို့ စသဖြင့် အကြောင်းရင်းများစွာရှိတာကြောင့် လုပ်ငန်းရှင်တွေကိုယ်တိုင်က ထိုင်းအစိုးရ အလုပ်သမား ဝန်ကြီးဌာနကို သွားတောင်းဆိုတာတွေ တွေ့ရတယ်။ အလုပ်သမားတွေအနေနဲ့ ဒုက္ခဖြစ်နေတယ် ဆိုတာလည်း မှန်တယ်။ သို့သော် ဥပဒေကြောင်းအရလည်း စာချုပ်ကို ၄ နှစ်သက်တမ်း ပြည့်သွားတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ မိခင်နိုင်ငံပြန်ပြီးမှ သတိနဲ့ သွားလာ နေထိုင် လုပ်ကိုင်ဆောင်ရွက်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘန်ကောက် မြန်မာသံရုံး ထုတ်ပြန်ချက်ဟာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ဖို့ ဖိအားပေး လုပ်ဆောင်နေတယ်လို့ အလုပ်သမားအရေး ကူညီသူတွေက မှတ်ချက်ပေးပါတယ်။ အလုပ်သမားတွေအနေနဲ့ နိုင်ငံရေး မတည်ငြိမ်တာကြောင့် ပြည်တွင်းကိုပြန်ဖို့ ခက်ခဲနေပြီး အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ သန်းကနေ ၅ သန်းဝန်းကျင် ရှိနေပြီလို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013