DVB Logo
Home
မြန်မာသတင်း
ထိုင်းဘတ်ငွေ ဝယ်စုသူများလာပြီး မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာကျဆင်းနေ 
DVB
·
August 24, 2023
ထိုင်းဘတ်ငွေ ဝယ်စုသူများလာပြီး မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာကျဆင်းနေ 
Donate to DVB

နိုင်ငံတကာငွေပေးချေမှုနဲ့ ငွေစာရင်းရှင်းလင်းမှုတွေမှာ ထိုင်းဘတ်နဲ့ ဆောင်ရွက်ခွင့်ကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်း AD လိုင်စင်ရ ဘဏ်တွေမှာ လုပ်ဆောင်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ် ၁၄ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ပြည်တွင်းမှာ ထိုင်းဘတ်ငွေ ဝယ်ယူစုဆောင်းသူတွေ မျာလာပါတယ်။

ပြည်တွင်းရှိ စီးပွားရေးသမားတွေနဲ့ လုပ်ငန်းရှင်သူဌေးတွေက ဘတ်ငွေတွေ အများအပြား ဝယ်ယူစုဆောင်းတာတွေ လုပ်လာတဲ့အတွက် စစ်အာဏာသိမ်းကတည်းက ဆိုးဆိုးရွားရွာ ကျဆင်းလာနေတဲ့ မြန်မာကျပ်ငွေ တန်ဖိုးတွေဟာ မတည်မငြိမ်ဖြစ်ပြီး ကျပ်ငွေတန်ဖိုးတွေ ပိုမို ကျဆင်းလာတဲ့အကြောင်းကို မြဝတီမြို့မှ ကုန်သည်တယောက်က ပြောပါတယ်။

“အခု ဒေါ်လာစနစ်ကို ကန့်သတ်ပြီး ဘတ်ငွေကို တရားဝင်ငွေကြေးအဖြစ် အသုံးပြုခွင့် ပေးလိုက်တဲ့ ကဏ္ဍမှာ ဘာတွေဖြစ်လဲဆိုတော့ ရန်ကုန်က သူဌေးတွေက ပိုက်ဆံရှိတဲ့သူတွေ တော်တော်များများက သူတို့ ရန်ကုန်က ငွေတွေကို မြဝတီကို လွှဲတယ်၊ လွှဲပြီး ဘတ်ယူပြီးတော့ သိမ်းထားလိုက်တယ်။ သူဌေးတွေအားလုံးက ဘတ်တွေဝယ်ပြီး စုထားတယ်။ အရင်ကဆို နယ်စပ်မှာ အလုပ်လုပ်တဲ့သူလောက်ပဲ ဘတ်စုတာ။ အခုက ရန်ကုန်မှာရှိတဲ့ လုပ်ငန်းရှင်တွေ တော်တော်များများ ဘတ်စုတာ၊ ဘတ်ဝယ်ပြီး ဖမ်းသိမ်းကြတာ။ အဲဒီတော့ ဘတ်ဈေးတက် ဘတ်ရှားသွားတယ်။ ဘတ်ရှားတော့ သူ့ထက်ငါ ခေါ်တဲ့ဈေးတွေ ရတယ်။ လူတိုင်းက ကြောက်နေကြတယ်။ ကျပ်ငွေက အဖတ်ဆယ်လို့မရအောင် ကျသွားတော့ အကုန်လုံး အဲဒီလိုတွေ ဖြစ်ကုန်တာ။ ဒါတွေအားလုံးက သူတို့လည်း သိတယ်။ ကျနော်တို့ထက် အပေါ်က လူကြီးတွေက ပိုသိတယ်။ ဌာနဆိုင်ရာတွေက ပိုသိတယ်။ ကျနော့်ထက် ပိုသိတယ်။ သူတို့က အဓိကကတော့ စီမံခန့်ခွဲမှု အလွဲတွေချည်းပဲ။ သူတို့ မနိုင်တာကို နိုင်ပါတယ်၊ မလုပ်နိုင်တာကို လုပ်နိုင်တယ်ဆိုပြီး ပြည်သူကို လိမ်နေတာ၊ အဲဒီလိမ်နေတဲ့ အကျိုးဆက်ပဲ။”

ဩဂုတ် ၂၄ ရက်နေ့မှာတော့ ကျပ်ကနေ ဘတ်ကို လဲလှယ်တဲ့ဈေးက တဘတ်ကို ၁၀၈ ကျပ် ရှိနေပြီး ဘတ်ကနေ ကျပ်လဲလှယ်ရာမှာတော့ ကျပ်တသိန်းကို ၉၇၀ ဘတ်ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ ငွေလဲဝန်ဆောင်မှု လုပ်ငန်းတွေဆီက စုံစမ်းသိရှိရပါတယ်။

၂ ရက်အတွင်း မြန်မာကျပ်ငွေက တဘတ်ကို ၉၀ ကျော်ကနေ အခု ၁၀၀ ကျော်အထိ ငွေဈေးက မတည်မငြိမ်ဖြစ်နေတာပါ။ အခုလို ငွေလဲလှယ်နှုန်း အတက်အကျကြမ်းနေတဲ့ အတွက် ငွေလဲဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်နားထားရတဲ့အကြောင်းကို ထိုင်းနိုင်ငံ မဲဆောက်မြို့က ငွေလဲလုပ်ငန်း လုပ်ဆောင်သူတွေဆီကနေ သိရပါတယ်။

ငွေလဲဝန်ဆောင်မှု လုပ်ကိုင်နေသူတယောက်က “တက်လိုက် ကျလိုက်ဖြစ်တော့ အစ်မတို့မှာ အရောင်းအဝယ်လုပ်တဲ့သူတွေမှာ ဒုက္ခရောက်တာပေါ့။ အခုချက်ချင်းပဲ ငွေကို ကောက်လိုက်တယ်။ ချက်ချင်းပဲ ဟိုဘက်က ဒုန်းခနဲ ပြုတ်ကျတယ်။ အစ်မဆိုရင် နှစ်ကြိမ် သုံးကြိမ်ရှိပြီ ခံရတာ။ လက်ထဲမှာကို ချက်ချင်းကိုပဲ အပြေးအလွှား ရွှေ့နေတာ။ လက်ထဲမှာကို မထားရဲတဲ့ အနေအထား ဖြစ်တယ်ပေါ့။ အဲဒါကြောင့် အစ်မဆို မနေ့ကနဲ့ ဒီနေ့ဆို ခဏလေး ရပ်ထားလိုက်တော့တယ်။ အခုကောက် အခုကျ အခုတက် ဖြစ်နေတယ်။ ဒေါ်လာဆိုရင်လည်း ဘတ်နဲ့ ပြန်လဲတယ်။ မြန်မာငွေဆိုလည်း ဘတ်နဲ့ပဲ ပြန်လဲတယ်။ အဓိကကတော့ ဘတ်ကို သူတို့ အများဆုံး စုထားတာကိုတော့ အဲဒီသတင်းကြားတာ ဟုတ်တယ်။ အထဲမှာရှိတဲ့ တော်တော်များများ ဒေါ်လာစားတွေဆို တော်တော်များများ အဲဒီလိုလုပ်နေတာကို လွန်ခဲ့တဲ့ ၃/၄ ရက်ကတည်းက အစ်မတို့လည်း ကြားရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လက နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု မြန်ဆန်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေးတွေမှာ ဘတ်နဲ့ ကျပ် တိုက်ရိုက်ပေးချေခွင့် ပြုထားခဲ့ရာကနေ အခုနှစ် ဩဂုတ်လမှာတော့ တနိုင်ငံလုံးက နိုင်ငံတကာ ပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေမှာ ထိုင်းဘတ်နဲ့ ဆောင်ရွက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013