ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရွမ်နီမြို့မှာ သြဂုတ် ၂၃ ရက်က စာသင်ကျောင်း တကျောင်းကို ရုရှားက တိုက်ခိုက်ခဲ့မှုကြောင့် ပညာရေးဝန်ထမ်း ၄ ဦး သေဆုံးပြီး တခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံတော် အရေးပေါ်ဌာနက ပြောကြားခဲ့ပါတယ်။
အရေးပေါ်ဝန်ထမ်းတွေဟာ အလောင်းကို ထမ်းစင်ပေါ်တင်ပြီး ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အဦထဲက အပျက်အစီးတွေကို ရှင်းလင်းနေကြတဲ့ ဗီဒီယိုကို တယ်လီဂရမ် အက်ပ်မှာ အရေးပေါ်ဌာနကနေ မျှဝေထားပါတယ်။
ရုရှားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ ဒရုန်းတစီးဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၅ မိနစ်မှာ ကျောင်းကို ထိမှန်ခဲ့တယ်လို့ ဒေသတွင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ရိုက်တာကတော့ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ ဂိတ်တံခါးနဲ့ ခြံစည်းရိုးအပြင် အဆောက်အဦရဲ့ အရောင်နဲ့ တည်နေရာတွေအရ ရွမ်နီမြို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဗီဒီယိုဖိုင်နဲ့ ဂြိုဟ်တုကရရှိတဲ့ ပုံရိပ်တွေနဲ့လည်း ကိုက်ညီနေပါတယ်။
Source - Reuters










