DVB Logo
Home
မြန်မာသတင်း
အချုပ်ခန်းဖောက်ပြေးသူများကို ပစ်ခတ်ဖမ်းဆီး၊ ၃ ဦး သေဆုံး
DVB
·
July 28, 2014
အချုပ်ခန်းဖောက်ပြေးသူများကို ပစ်ခတ်ဖမ်းဆီး၊ ၃  ဦး သေဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မရဲစခန်းမှာ အချုပ်ခန်းဖောက်ပြေးတဲ့ အချုပ်သား ၃ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးသလို အချုပ်သားတွေရဲ့ ရိုက်နှက်မှုကြောင့် စခန်းမှူးအပါအ၀င် ၃ ဦးလည်း ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

kyaugh maeဇူလိုင်လ ၂၆ ရက် ည ၇ နာရီလောက်က ရဲစခန်းမှာ အချုပ်ကျနေတဲ့ တရားခံတွေ ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာမှာ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။

အချုပ်ခန်းထဲကထွက်ပြေးသူ ၇ ဦးဟာ မူးယစ်ဆေးဝါးမှုနဲ့ အရေးယူဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နေ့ပိုင်းသိမ်းထားတဲ့ အိပ်ရာနဲ့ စောင့်ယူဖို့ ရဲတပ်သားက တံခါးလှပ်ပေးစဉ်မှာ အတင်းရုန်းထွက်ပြီး သံဆန်ခါကို ဖျက်ဆီးလို့ ရလာတဲ့ တုတ်တွေနဲ့ ရဲတွေကို ရိုက်နှက်ထွက်ပြေးရာမှာ ပစ်ခတ်ဖမ်းဆီးတာလို့ ဆိုပါတယ်။

တရားခံတွေက ခုခံရိုက်နှက်မှုကြောင့် စခန်းမှူး ဒုရဲမှူး ကျော်ဦးအပါအ၀င် ၃ ဦး ဒဏ်ရာအပြင်းအထန်ရပြီး ကျန်ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဆိုပါတယ်။

စခန်းမှူးကို မန္တလေးဆေးရုံ ခေါ်ဆောင်သွားပြီး ဒဏ်ရာပြင်းထန်တဲ့ ရဲ  ၂ ဦးကို ကျောက်မဲခရိုင်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ ညကတော့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့က ရပ်မိရပ်ဖတွေကို ဖိတ်ကြားပြီး ဒီပစ်ခတ်မှုအခြေအနေကို ရှင်းပြခဲ့တယ်လို့ အချုပ်ခန်းကို သွားရောက်လေ့လာခဲ့သူ မြို့နယ်ထောက်ကူပြုအဖွဲ့ဝင် ဦးစိုင်းမြင့်ဦးက ပြောပါတယ်။

“အချုပ်သားတွေက တအားများတာ။ အားလုံးပေါင်း ၁၀၀ ကျော်ရှိတယ်။ အခန်းက ၄ ခန်းရှိတယ်။ တခန်းတခန်းကို ၄၀ ကျော်လောက်ရှိတယ်။ တချို့တွေဆို ခြေတောက်ကို ဆန့်ပြီးတော့ မအိပ်နိုင်တဲ့အနေအထားတွေရှိတယ်။ တအားကျပ်တယ်။ ပုံမှန်အနေနဲ့ဆို တခန်းကို ၂၀ လောက်ပဲ ထည့်တာလေ။ အချုပ်သားတွေကတော့ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ပြစ်မှုဆိုင်ရာတွေက များတယ်။”

ကျောက်မဲက ကျားဖြူပါတီ လွှတ်တော်အမတ် ဦးစိုင်းခမ်းကျော်ကလည်း ကျောက်မဲမြို့ရဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု စိုးရိမ်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခုလို ပြောပါတယ်။

“အထူးသဖြင့်တော့ ရွာတွေမှာဆိုရင် မူးယစ်ဆေးဝါးတွေက တော်တော်ကို များတယ်လို့ ရွာသားတွေက အစည်းအဝေးတိုင်းမှာ အမြဲပြောတယ်။ ကျနော်တို့ကိုလည်း လာတိုင်တယ်။  ရောင်းတာလည်းများတယ်၊ သုံးတာလည်း များတယ်ပေါ့။ သုံးတဲ့ထဲမှာ  ၁၄ နှစ်၊ ၁၅ နှစ်အရွယ်တွေလည်း ပါတယ်။ ပြောမယ်ဆို အဲဒီအရွယ်က ကလေးတွေပဲ ရှိပါသေးတယ်။  အဲဒီအရွယ်က စသုံးတယ်ဆိုတော့ တော်တော်ကြီးကို များတယ်လို့ ပြောရမှာပေါ့။”

သေဆုံးသူ တရားခံ ၃ ဦးထဲမှာ တဦးက ကျောက်မဲမြို့ပေါ်က ဖြစ်ပြီး မနေ့က သင်္ဂြိုဟ်ပြီးစီးကြောင်း၊ နောက် ၂ ဦးကတော့ ရွာဘက်ကဖြစ်ကြောင်း၊ ဒီဖြစ်ရပ်မျိုးဟာ ကျောက်မဲမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မြို့ခံတွေကြားမှာတော့ အခြေအနေ ပုံမှန်တည်ငြိမ်နေတယ်လို့ ဦးစိုင်းခမ်းကျော်က ဆိုပါတယ်။

ကျောက်မဲပြည်သူ့ဆေးရုံကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ လူနာရောက်ရှိလာကြောင်း အတည်ပြုပြောဆိုပြီး အချက်အလက် အသေးစိတ်ကိုတော့ ဖြေခွင့်မရှိဘုးလို့ ပြောပါတယ်။ အလားတူ ရဲစခန်းကိုလည်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013