အမေရိကန်နိုင်ငံ ရို့ဒ်ကျွန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လျှပ်စစ်ဓာတ်အား ၇၀၄ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ လေအားလျှပ်စစ်လုပ်ငန်းကို တည်ဆောက်ဖို့ အမေရိကန် ပြည်ထဲရေးဌာနက သြဂုတ် ၂၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။
၂၀၃၀ မှာ ကမ်းလွန် လေအားလျှပ်စစ်စီမံကိန်းကနေ လျှပ်စစ်ဓာတ်အား ၃၀ ဂစ်ဂါဝပ် ထုတ်လွှတ်ဖို့ ပစ်မှတ်ထားတဲ့ သမ္မတ ဘိုင်ဒင် အစိုးရရဲ့ လေးခုမြောက် ခွင့်ပြု မီးစိမ်းပြခဲ့တဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။
ဒီစီမံကိန်းကနေ အိမ်ခြေ ၂ သိန်းခွဲနီးပါးကို လျှပ်စစ်စွမ်းအင်ပေးနိုင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းအဆင့်မှာ ဒေသခံ အယောက် ၁,၂၀၀ လောက်အတွက် အလုပ်အကိုင် ဖန်တီးနိုင်တယ်လို့ ပြည်ထဲရေးဌာနက ပြောခဲ့ပါတယ်။
လေစွမ်းအင်ထုတ်လုပ်သူ အောစတက်ဒ်နဲ့ Eversource တို့က ပိုင်ဆိုင်တဲ့ ဒီစီမံကိန်းထဲမှာ လေအား တာဘိုင် ၆၅ လုံးနဲ့ ကမ်းလွန်ဓာတ်အားခွဲရုံနှစ်ခု တပ်ဆင်ဖို့ ဖြစ်နိုင်တဲ့နေရာ ၇၉ ခုအထိ ပါပါတယ်။
အမျိုးသား ရာသီဥတုဆိုင်ရာ အကြံပေး အလီဇိုင်ဒီက“ဒီနေ့ အတည်ပြုလိုက်တဲ့ စတုတ္ထမြောက် အဓိက ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်းဟာ အမေရိကန်ရဲ့ စွမ်းအင်ဖူလုံရေးကို အားကောင်းအောင်၊ ကျနော်တို့ရဲ့ မဟာဓာတ်အားလိုင်းကို ပိုစိတ်ချရအောင်၊ စွမ်းအင်ကုန်ကျစရိတ် သက်သာအောင် ကူညီမှာဖြစ်ပြီး အန္တရာယ်ရှိတဲ့ ရာသီဥတု ညစ်ညမ်းမှုကို လျှော့ချပေးမယ့် ကျွန်ုပ်တို့ နောက်ဆုံးခွင့်ပြုတဲ့ မှတ်တိုင်ပါ” လို့ ပြောပါတယ်။
အမေရိကန် အာဏာပိုင်တွေဟာ မက်ဆာချူးဆက်ပြည်နယ်နားမှာ ဗိုင်းယာတ်ဒ် လေအားလျှပ်စစ်စီမံကိန်း၊ ရို့ဒ်ကျွန်းနဲ့ နယူးယောက်မြို့တို့အနားက South Fork Wind စီမံကိန်းနဲ့ နယူးဂျာစီပြည်နယ် ကမ်းလွန်ပင်လယ်ပြင်က Ocean Wind 1 စီမံကိန်းတို့ကို အရင်က အတည်ပြုခဲ့ပါတယ်။
Source - Reuters











