DVB Logo
Home
မြန်မာသတင်း
ဧရာဝတီအတွက် အန္တရာယ်များအကြောင်း ဆွေးနွေး
DVB
·
July 28, 2014
ဧရာဝတီအတွက် အန္တရာယ်များအကြောင်း ဆွေးနွေး
Donate to DVB

ဧရာဝတီအတွက် အန္တရာယ်များအကြောင်းကို ဘူမိဗေဒ၊ ဧရာဝတီလင်းပိုင်လေ့လာသူနဲ့ ငလျင်ပိုင်းဆိုင်ရာ ပထ၀ီပညာရှင်တို့က ပထမဆုံးအကြိမ်အဖြစ် မန္တလေး ဈေးချိုဟိုတယ်မှာ ဇူလိုင် ၂၆ ရက်နေ့က ဟောပြော ဆွေးနွေးပါတယ်။

Ayeyawaddy river 2 copyဘူမိဗေဒသုံးသပ်ချက် အရ ငါးလုပ်ငန်းဦးစီးဌာနက လင်းပိုင် ထိန်းသိမ်းစောင့်ရှောက်မှု၊ ငလျင်နဲ့ ပက်သက်တဲ့ ပထ၀ီအကြောင်း အရာအချက်တွေ ကို ပြောသွားပါတယ်။

ဧရာဝတီလင်းပိုင်နဲ့ ပက်သက်ပြီး လက်ရှိ အဖွဲ့အစည်းနဲ့ သုတေသနပြုနေတဲ့ ဦးမြသန်းထွန်းက သစ်တောတွေ လျော့နည်းလာလို့ ရာသီဥတု သိသာစွာ ပြောင်းလဲတာ၊ ရွှေကျင်ရာမှာ အသုံးပြုတဲ့ ပြဒါးတွေ ဧရာဝတီမြစ်ထဲကို ရောက်လာတာ၊ ငါးဖမ်းဆီးမှု လွန်ကဲတာ၊ ဘက်ထရီ ရှော့တိုက်ပြီး ငါးဖမ်းတာတွေနဲ့ ငါးမျိုးစိတ်လျော့နည်းတာတွေက လင်းပိုင်ကောင်ရေကို လျော့ကျသွားစေနိုင်ဖို့ အဓိကခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

အခုအခါမှာ ဧရာဝတီမြစ်ရေ ညစ်ညမ်းလာလို့ စိုးရိမ်မှုရှိလာတဲ့ အချက်တွေထဲမှာလည်း တချက် အပါအ၀င်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဧရာဝတီလင်းပိုင်နဲ့ ပက်သက်ပြီး သုတေသနပြုနေသူ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးမြသန်းထွန်းက “ပြဒါးကြောင့် မြစ်ရေညစ်ညမ်းတယ်ဆိုရင် ပြဒါးက ရေထဲမှာ ညစ်ညမ်းမယ်။ ပြဒါး ညစ်ညမ်းမယ်ဆိုရင် ပြဒါးကို အပင်ငယ်လေးတွေက စုပ်ထားလိုက်မယ်။ အဲဒီအပင်လေးတွေကို ငါးအကောင်လေးတွေက စားတယ်။ ငါးသတ္တ၀ါတွေရဲ့သဘောက အကြီးကောင်တွေက အငယ်တွေကို စားတယ်။ ငါးနုသန်းကို လင်းပိုင်ကစားရင် လင်းပိုင်ကိုယ်ထဲ ပြဒါးက ၀င်သွားမှာပဲ။ ဥပမာ ၀က်တွေ၊ ကြက်တွေကို လူတွေက စားရင် လူတွေရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားတာပဲ။ တိုက်ရိုက်နည်းမဟုတ်လည်း သွယ်ဝိုက်တဲ့နည်းနဲ့ လူဆီ ရောက်သွားတာပဲ။ ပြဒါးက လူကိုယ်ထဲရောက်သွားပြီး ကြာသွားရင် ရောဂါဖြစ်တယ်။ ပြဒါးက မပျောက်သွားဘူး။ အဲဒီကျမှ ကလေးတွေ မွေးတဲ့အခါ မသန်စွမ်းတာတို့၊ ဆွံ့အတာတို့၊ ကြပ်မပြည့်တာတို့ ဖြစ်လာတယ်။ မြစ်ရေညစ်နွမ်းတာက ၇၀ ရာခိုင်နှုန်းလောက်တောင် ရှိတယ်။ အရမ်းများလာတယ်၊ ရေက မကြည်သလောက်ကို ဖြစ်နေပြီ” လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အဓိကကျတဲ့အချက်မှာ ရေဝေရေလဲဒေသ တွေလည်း ပါဝင်ပါတယ်။

မြစ်ချောင်းအင်းအိုင်တွေရဲ့ အသက်သွေးကြောက ရေဝေရေလဲဧရိယာ ဖြစ်သလို အဲဒီဧရိယာအတွက် အသက်သွေးကြောက သစ်တောသစ်ပင်တွေ ဖြစ်ပါတယ်။

လက်ရှိမှာ ဧရာဝတီမြစ်ရဲ့ ရေဝေရေလဲ ဧရိယာဟာ သိသာထင်ရှားစွာ လျော့နည်းသွားလို့ သောင်ထွန်းတာ၊ မြစ်ရေတိမ်တာနဲ့ မြစ်ရေနောက်ကျိတာတွေ ဖြစ်ပေါ်လာတာကို သင်္ဘောမောင်းသူတွေထံက သိရပါတယ်။

ဒါကြောင့် ရေဝေရေလဲဧရိယာကို ပိုမို ထိန်းသိမ်းသင့်တယ်လို့ ဘူမိဗေဒပညာရှင်တွေက ဆိုထားပါတယ်။

ဘူမိဗေဒဌာန ပါမောက္ခ ဒေါက်တာဇော်မြင့်နီက “ရေဝေရေလဲ ဧရိယတွေ လျော့နည်းသွားရခြင်း အကြောင်းက သစ်ပင်သစ်တောတွေ ပြုန်းတီးကုန်တာက ပထမဆုံးအချက်ပါပဲ။ ဒီလိုပြုန်းတီးရခြင်းက အကြောင်းအမျိုးမျိုး ရှိပါတယ်။ အဲဒီထဲမှာ တနိုင်တပိုင် သစ်တောတွေ ခုတ်ယူတာ၊ ကျန်တဲ့ လုပ်ငန်းကိုင်ငန်းတွေကြောင့်လည်း သူက ပြုန်းတီးနိုင်ပါတယ်” လို့ ပြောပါတယ်။

အဲဒီအကြောင်းအရာတွေအပြင် ဧရာဝတီမြစ်မှာ ဆည်တွေ တည်ဆောက်ပါက ငလျင်လှုပ်တဲ့အခါ မြစ်အောက်ပိုင်းဒေသများကို ရေလွှမ်းမိုးမှု သက်ရောက်နိုင်ကြောင်းကို ငလျင်ပညာရှင်တွေက လေ့လာတွေ့ရှိချက်တွေကို သုံးသပ်ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013