မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်မြောက်လာစေရေးကို ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ဩဂုတ် ၂၁ ရက်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်၊ ပါဒန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဗွီဒီယိုကနေတဆင့် မိန့်ခွန်းပြောကြားခဲ့တာမှာ မြန်မာ့ပဋိပက္ခဟာ အာဆီယံဒေသအတွင်းမှာ မကြာခဏအများရဲ့ အာရုံစိုက်ခံရတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်လို့ ပြောပါတယ်။
“အင်ဒိုနီးရှားရဲ့ နိုင်ငံရေးလွှမ်းမိုးနိုင်မှုအင်အား တည်ဆောက်ရေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍ” ခေါင်းစဉ်နဲ့ သူ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အင်ဒိုနီးရှားဟာ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တာနဲ့အညီ မြန်မာ့အရေးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဖြစ်မြောက်ရေးလို့ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းရှာဖွေရေးကို တတ်စွမ်းသမျှ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး၊ အထူးသဖြင့် မြန်မာစစ်တပ်ရဲ့ ပူးပေါင်းပါဝင်မှု အခြေအနေပေါ်မှာ မူတည်တယ်လို့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ နယ်သာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မာဆူဒီက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာဖို့အပါအဝင် သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကလည်းပူးပေါင်းဆောင်ရွက် တွန်းအားပေးနေကြတယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ မြန်မာနိုင်ငံမှာ အပြန်အလှန်စစ်ဖြစ်နေကြတဲ့ အဖွဲ့တွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်နဲ့ နိုင်ငံရေးဌာန အထွေထွေညွန်ကြားရေးမှူး တိုကူးဖိုင်ဇာရှာက ပြောပါတယ်။
“သူတို့ဘက်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှာ ကျနော်တို့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးအုတ်မြစ်ကလည်း အဆင်သင့်ရှိနေမှာဖြစ်ပါတယ်။”
ဆက်လက်ပြီး ပဋိပက္ခတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ နိုင်ငံမှာ ငြိမ်းချမ်းရေး အုတ်မြစ်ချဖို့ ဆိုတာဟာ ကာလကြာအချိန်ယူဖို့လိုသလို မမျှော်လင့်ထားတာတွေနဲ့လည်း ကြုံတွေ့ရနိုင်ကြောင်း၊ အချိန်တိုတွင်းမှာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပဋိပက္ခတွေဟာ မြင်နေကြပြဿနာတစ်ခုဖြစ်တဲ့ အဖွဲ့ငယ်လေးတွေ ကွဲထွက်ပြီးအချင်းချင်း အဆင်မပြေဖြစ်ရာကနေ နောက်ဆုံးတိုက်ပွဲတွေဖြစ်တဲ့အထိ ဖြစ်လာရတာ ဖြစ်ကြောင်း၊ မြန်မာ့အရေးကို ဖြေရှင်းဖို့နိုင်ဖို့အတွက် အခုဖြစ်နေတဲ့ ပြဿနာတွေအားလုံးကို ညှိနှိုင်းဆွေးနွေးဖို့လိုကြောင်း တိုကူးဖိုင်ဇာရှာက ပြောတယ်လို့ အင်ဒိုနီးရှားအခြေစိုက် အန်တာရာသတင်းက ဖော်ပြထားပါတယ်။