DVB Logo
Home
မြန်မာသတင်း
နှစ်ပေါင်း ၅၀ ကျော်အတွင်း သမ္မတပညာသင်ဆု ပြန်ပေးမည်
DVB
·
July 27, 2014
နှစ်ပေါင်း ၅၀ ကျော်အတွင်း သမ္မတပညာသင်ဆု ပြန်ပေးမည်
Donate to DVB

နိုင်ငံခြားတက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်လိုသူတွေအတွက် နိုင်ငံတော်သမ္မတရဲ့ ပညာသင်ဆုပေးမယ်လို့ ဇူလိုင် ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါ တယ်။

ဘွဲ့ကြိုတန်းနဲ့ ဘွဲ့လွန်တန်းတွေအတွက် ပညာသင်ဆုပေးမှာဖြစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေ လျှောက်ထားနိုင်ကြတယ်လို့ ကြော်ငြာထည့်သွင်း ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

prသတ်မှတ်ချက်တွေ စည်းကမ်းချက်တွေ အပြည့်အစုံဖော်ပြထားပေမယ့် ကျောင်းသား ဘယ်နှယ်ယောက်ကို တနှစ် ဘယ်လောက်ငွေကြေး ထောက်ပံ့သွားမယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။

စာရေးဆရာ ဘိုးလှိုင် ခေါ် ဒေါက်တာတင်လှိုင်ကတော့ အခုလို သမ္မတရဲ့ ပညာသင်ဆုပေးမှာကို ကြိုဆိုလိုက်ပြီး ဒါဟာ မြန်မာပြည်မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အစိုးရပညာတော်သင်ဆု ပြန်ပေးဖို့ လုပ်တာလို့ ဆိုပါတယ်။

ပညာတော်သင်ဆုပေးတာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဆက်လုပ်ဖို့သင့်တာတွေကိုလည်း ဒေါက်တာတင်လှိုင်က ခုလို ပြောပါတယ်။

“ဘာလုပ်စေချင်တုန်းဆိုတော့ဗျာ အစိုးရ အေဂျင်စီဖွဲ့ပြီးတော့ ပြည်ပကို ကိုယ့်အစီအစဉ်နဲ့ သွားချင်တဲ့ ကလေးတွေကို ကူညီပေးရမယ်။ ကူညီပေးတယ်ဆိုတာ ဒီမှာ အခြေခံပညာ လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းပေးမလဲ။ နောက်ပြီးတော့ ဟိုသွားတဲ့အခါ ဘယ်ကိုသွားရင် ကောင်းမလဲ။ ဘာလုပ်ရင် ကောင်းမလဲ။ မိဘက ဘယ်လောက်ပဲ ထောက်ပံ့နိုင် မင်းဘာသာမင်း အလုပ်လုပ်ပြီးတော့ ဘယ်လိုရှာရလိမ့်မယ်။ အဲဒါတွေကို အခုတောင် ပုဂ္ဂလိက ကုမ္ပဏီတွေက လုပ်နေတယ်။ အဲဒါ ငွေကြေးအမြတ်စွန်းနဲ့ လုပ်ကြတာတွေက များတယ်။ ကုသိုလ်ဖြစ် လုပ်တာ နည်းတယ်။ အဲဒါကို အစိုးရက အဖွဲ့အစည်းကြီး ဖွဲ့ပြီးတော့ တွင်တွင်ကျယ်ကျယ် လုပ်စေချင်တယ်။”

သမ္မတရဲ့ နိုင်ငံခြားပညာသင်ဆု ရလိုသူတွေဟာ ဘွဲ့ကြိုအတွက် ဆယ်တန်းအောင်မှတ် ၅၀၀ အထက် ရှိထားသူတွေဖြစ်ရမယ်။ ဘွဲ့လွန်အတွက် မဟာတန်းတက်ဖို့ အဆင့်မီသူဖြစ်ရမယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ Tofel တို့လို ဖြေဆိုအောင်မြင်ထားရင် ပူးတွဲတင်ပြရမယ် စသဖြင့် ဖော်ပြထားပြီး နောက်လကုန် နောက်ဆုံးထား လျှောက်ထားရမှာလည်း ဖြစ်ပါတယ်။

ပညာသင်ဆုနဲ့ ဘွဲ့ရပြီးရင် နိုင်ငံတော်ကပေးအပ်တဲ့ အလုပ်တာဝန်ကို ပညာတော်သင်ကာလရဲ့ ၂ဆ ပြန်လုပ်ပေးရမှာဖြစ်ပြီး လုပ်မပေးရင် ပညာသင်ကုန်ကျစရိတ်ရဲ့ ၃ ဆ ပြန်လျော်ရမယ်ဆိုတဲ့ စည်းကမ်းချက်လည်း ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။

ပညာသင်ဆုကို ပြင်ပပညာရှင်တွေပါဝင်ဖွဲ့စည်းထားတဲ့ ကော်မတီတရပ်က အပြီးသတ် စိစစ်ရွေးချယ်ချီးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။


မြန်မာပြည်မှာ အင်္ဂလိပ်အစိုးရခေတ်ကစလို့ အစိုးရပညာတော်သင်ဆုတွေ ပေးအပ်ခဲ့ပြီး ၁၉၆၃ ခုနှစ်ကစလို့ အစိုးရပညာတော်သင်ဆုပေးတာကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013