DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်ရှိ ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာ လိုအပ်နေ
DVB
·
August 22, 2023
ထိုင်းနယ်စပ်ရှိ ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာ လိုအပ်နေ
1 / 2
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ဘေးရှောင်တွေအတွက် အလှူရှင်နည်းပါးမှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကြောင့် ထိုင်းနယ်စပ်ဘက်ကို စစ်ရှောင်တွေ ထပ်တိုးလာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်ကစပြီး  မယ်စဲ့မြို့နယ်မှာ ကရင်နီ ပူးပေါင်းတပ်တွေက  စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့အပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ  ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင်၊ မယ်စရင်းယမ်းမြို့နယ်ကို ထွက်ပြေးခိုလှုံလာခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်း မယ့်စရင်းယမ်းမြို့နယ် ဆောင်ဟီကျေးရွာနာမှာ ရှိနေတဲ့ ကရင်နီစစ်ရှောင်တွေ က စားသောက်ရေးအတွက်အဆင်ပြေပေမဲ့ ဆေးဝါးလိုအပ်မှုရှိနေသလို တဖက်မြန်မာပြည်တွင်း ဘက်မှာရှိနေတဲ့ စစ်ရှောင်တွေလည်း ဆေးဝါးနဲ့  အမိုးအကာလိုအပ်နေပါတယ်။

ဒါ့အပြင် လက်ရှိ ဒီးမော့ဆို၊ ဖရူဆိုတို့ဘက်မှာ ရှိနေတဲ့စစ်ရှောင်တွေလည်း အကူညီနည်းပါး လာမှုကြောင့်လည်း နယ်စပ်စစ်ရှောင်စခန်းတွေမှာ ခိုလှုံဖို့ နောက်ထပ် ရောက်လာမယ့်အနေအထားဖြစ်နေတယ်လို့ စစ်ရှောင်ကူညီပေးသူတဦးက ပြောပါတယ်။

“ဆောင်ဟီမှာရှိတဲ့ စစ်ရှောင်တွေကတော့ လူတွေတအားများတော့ ဆေးဝါးမလုံလောက်ဘူးပေါ့နော်။ အဖွဲ့အစည်းတွေ ဆေးခန်းဖွင့်ထားတာတော့ရှိတယ်။ ဒါပေမဲ့ ကျွမ်းကျင်မှုအပိုင်းလည်းလိုတယ်။ ပြီးတော့ ဆေးဝါးတွေ မလုံလောက်တာလည်း ပါတယ်။ လူတွေကတော့နီးစပ်ရာဆရာမတွေ လိုက်ရှာပြီးတော့ ဆေးထိုးတာတို့ ကုသတာတို့ အဲလိုမျိုးတော့ တွေ့ရတာပေါ့နော်။ အခု နယ်စပ်မှာကျ အဖွဲ့အစည်း ဆေးခန်းလာဆောက်တော့ ဆရာဝန် ၂ ယောက်လာထိုင်တာပေါ့နော်။ အဲဒါကျတော့ တရက် နှစ်ရက်ပဲ ရှိသေးတယ်။ လာမယ့်ရှေ့ အပတ်တွေကတော့ အဆင်ပြေမယ်လို့ မျှော်လင့်တာပေါ့နော်။ ဒါပေမဲ့ ပြည်တွင်း နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်တွေက လောလောဆယ်အထိတော့အစားအသောက် အဆင်ပြေနေသေးတယ်။ ဒါပေမဲ့အမိုးအကာလိုအပ်နေတာပေါ့။ တချို့က အဝေးကနေ အသစ်ရောက်လာတဲ့လူတွေကတော့ သူတို့ ဘာမှမပါလာတော့ သူတို့လူများတဲမှာပဲ လိုက်ခိုနေရတဲ့ဟာတော့ တွေ့ရသေးတာပေါ့နော်။ နယ်စပ်ဘက်ထပ်လာဖို့​တော့ရှိမယ်။”

ဆောင်ဟီကျေးရွာနားမှာ စစ်ဘေးရှောင်လာတဲ့ ကရင်နီစစ်ရှောင် ၃၈၀၀ လောက်ရှိပြီး တဖက်ကမ်း ပြည်တွင်းနယ်စပ်မှာတော့ အယောက် ၄၀၀၀ လောက်ရှိနေပါတယ်။ ဒါ့အပြင် မယ်စဲ့မြို့နယ် နယ်စပ်ဖြစ်တဲ့ နားမားခီးဘက်ကမှာလည်း စစ်ရှောင် ၃၀၀၀ လောက် ရှိနေပါတယ်။

နားမားခီးဘက်က စစ်ရှောင်နေသူတဦးက “ အခု အသစ်တွေအများကြီးရောက်လာတယ်။ ဖရူဆို၊ ဒီးမော့ဆို၊ ချိကဲ၊ ကျောလော၊ အဲဖက်ကလူလည်း ရောက်လာတယ်။ ဒီနောက်ပိုင်းမှာလည်း  ရွာသစ်၊ ဘောလခဲကနေ ဖားဆောင်း၊ မော်ချီး နောက်မယ်စဲ တမြို့နယ်လုံးပေါ့ အဲဒီမယ်စဲ့မှာပဲ လာပြီးတော့ ခိုနေကြတာပေါ့နော်”လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် အစားသောက်တွေလောလောဆယ် ကူညီပေးတဲ့သူရှိနေလို့ အဆင်ပေမဲ့ အမိုးအကာလိုအပ်ချက်တွေ များနေပါတယ်။ ပညာရေးပိုင်းမှာလည်း ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေး အခက်အခဲရှိနေပါတယ်။

ဇူလိုင်လတုန်းကလည်း  မယ်ဟောင်ဆောင်ခရိုင် နယ်စပ်မှာရှိနေတဲ့  ဒေါနိုးကူးစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ထိုင်းဘက်ခြမ်းထွက်ပြေးလာတဲ့ စစ်ရှောင်တွေလည်း ထိုင်းတာဝန်ရှိသူတွေက နေရာစီစဉ်ပေးတာရှိပေမဲ့ အစားအသာက် လိုအပ်မှုတွေ ရှိနေတယ်လို့  ကရင်နီအမျိုးသမီးအဖွဲ့ကတာဝန်ရှိသူတဦးက ပြောပါတယ်။

“အဓိကကတော့ အာဟာရဖြစ်တဲ့ အစားသောက်ပေါ့နော်။ အခုက သူတို့ဒီ ဒုက္ခသည်စခန်းကနေ စုပြီးတော့မှ ရိက္ခာကို ချက်ပြီးတော့မှ ပို့ပေးနေတုန်းပဲ။ တရက်ကို ၂ နပ်ပေါ့။ တခြား လိုအပ်ချက်တော့ရှိတယ်ဆိုပေမဲ့ ပိုပြီးဦးစားပေး အရမ်းလိုအပ်တာက အစား အသောက်ဖြစ်တယ်ပေါ့။ အထူးသဖြင့် ဟင်းဆိုရင်အနည်းဆုံး ဘတ်ငွေ  နှစ်သောင်းအထက်လောက်ကုန်တယ်ပေါ့။ လူဦးရေက ၄၀၀၀ နီးပါးရှိတော့ တရက်  နှစ်နပ်ဆိုတော့လုံလုံလောက်လောက်စားသောက်ရတဲ့အနေအထားမဟုတ်ဘူးပေါ့နော်။”

ဒါ့အပြင် စုပေါင်းချက်ပြုပ်စားသောက်ရတဲ့အနေအထားမှာ ကလေးငယ်တွေအတွက် အဆင်မပြေမှုတွေလည်း ရှိနေပါတယ်။

“တနေ့ နှစ်နပ်ဖြစ်တော့လူကြီးချက်တဲ့အစားအစာအတိုင်း ကလေးတွေလည်း ဒီတိုင်းပဲ စားရတော့ ၅ နှစ်လောက်ကလေးတွေလည်း ဒီတိုင်းပဲ စားရတာပေါ့နော်။ မနက်စာဆိုရင် သူများ ၉ နာရီလောက်လာပို့တယ်။ ညနေစာဆိုရင် ညနေ ၅ နာရီမှဆိုတော့ ဒီကြားထဲ ကလေးတွေအတွက် အစာပြေစာစားဖို့ အဟာရဖြစ်တဲ့ဟာ ပေးဖို့ လိုအပ်တာပေါ့” လို့ ကရင်နီအမျိုးသမီးအဖွဲ့ကတာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် ဒေါနိုးကူးကနေ ထိုင်းဘက်စစ်ရှောင်စခန်းအနီးရှောင်ကြရတဲ့ ကလေးငယ် အယောက် ၂၀၀ ကျော်လည်း ကျောင်းတက်ခွင့်မရသေးတဲ့အနေအထားဖြစ်နေကြောင်းလည်း ပြောပါတယ်။

လက်ရှိထိုင်းနိုင်ငံထဲကို ရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင် ၉၀၀၀ ကျော်ရှိနေပြီး စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဒေါနို့ကူးစစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၄၀၀၀ ဝန်းကျင်ရှိနေပါတယ်။

မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် မယ်ဟောင်ဆောင်ခရိုင်ထဲကို ဝင်ရောက်ခိုလှုံလာတဲ့ ကရင်နီစစ်ဘေး‌ရှောင်တွေကိုရော၊ နယ်စပ်က စစ်ဘေးရှောင်တွေ အတွက်ပါ ဘေးကင်းဇုန်သတ်မှတ်ပြီး  လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ထိုင်းလွှတ်တော်အမတ်က ဩဂုတ် ၁၀ ရက် ပုံမှန်လွှတ်တော်အစည်းအဝေးမှာ တင်ပြတောင်းဆိုပါတယ်။ 

မြန်မာပြည်မှာ ပြည်တွင်းပဋိပက္ခတွေကြောင့် လူပေါင်း ၁ သန်းကျော် စစ်ဘေးဒဏ်ခံနေရကြောင်း၊  ထိုင်းမြန်မာနယ်စပ်တလျှောက် (မြန်မာဘက်ခြမ်း) မှာလည်း  စစ်ဘးရှောင်ပေါင်း ၃  သိန်းလောက် ရောက်ရှိနေကာ အခြေအနေပိုဆိုးလာရင် ထိုင်းဘက်ထွက်ပြေးလာဖို့ အသင့်ရှိနေတယ်လို့  FAIR ပါတီလွှတ်တော်အမတ် နိုင်းကန်နဝီဆိပ်ဆိုင်က ထိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးမှာ ပြောပါတယ်။

နော်နိုရင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013