DVB Logo
Home
မြန်မာသတင်း
စစ်တပ် ထုတ်ကုန်များ မသုံးစွဲဘဲ သပိတ်မှောက်ရန် ကမ်ပိန်းလုပ်
DVB
·
August 21, 2023
စစ်တပ် ထုတ်ကုန်များ မသုံးစွဲဘဲ သပိတ်မှောက်ရန် ကမ်ပိန်းလုပ်
Donate to DVB

မြန်မာဘီယာ အပါအဝင် စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည်နဲ့ စီးကရက် ထုတ်ကုန်တွေကို မသုံးစွဲဘဲ သပိတ်မှောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက “ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲ” နာမည်နဲ့ လှုပ်ရှားမှုကမ်ပိန်း လုပ်ဆောင်နေပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်ထုတ်ကုန်အားလုံးကို သပိတ်မှောက်ဖို့ တော်လှန်ရေး အင်အားစုတွေက သွေးစွန်းကမ်ပိန်းနဲ့ Boycott လှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။ တော်လှန်ရေးကာလ အချိန် ၂ နှစ်ခွဲကျော်သွားပေမဲ့ ပြည်သူတွေက လက်ရှိအချိန်ထိ သွေးမအေးဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေဆဲပဲလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက “အကြမ်းဖက်စစ်တပ်ရဲ့ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်နိုင်ခြင်းက ပြည်သူ့ဘဏ္ဍာ ‌ငွေကြေးစီးဆင်းမှုကို တည်ဆောက်နိုင်ခြင်း လမ်းစပဲ ဖြစ်ပါတယ်။ သွေးအေးတယ်ဆိုတဲ့ စကားလုံးက ကျနော့်အနေနဲ့ လက်သင့်မခံနိုင်တဲ့ စကားလုံး ဖြစ်ပါတယ်။ လူထုအနေနဲ့ နိုင်ငံရေးနဲ့ ‌မြေပြင်အခြေအနေအရ ထောင်ထားတဲ့ လက် ၃ ချောင်းကို တခြား ရောယှက်နေတဲ့ လက်ချောင်းတွေနဲ့ ကိုယ်ယောင်ဖျောက်လိုက်တယ်လို့ ယူဆပါတယ်။”

“ဖျော်ဖြေရေးနေရာတွေမှာရှိတဲ့ လူထုကိုပဲဖြစ်ဖြစ်၊ ပျော်ပွဲရွှင်ပွဲ နေရာတွေမှာရှိနေတဲ့ လူထုကိုပဲဖြစ်ဖြစ် စစ်တမ်းကောက်ကြည့်ပါ။ ဘယ်သူကမှ စစ်အာဏာရှင်စနစ်ကို မထောက်ခံပါဘူးဆိုတဲ့ အဖြေမျိုးပဲ ရပါလိမ့်မယ်။ အကြမ်းဖက်စစ်တပ်ကတော့ ညစ်ပေါက်ကပ်ကျယ်လုပ်ပြီး သူတို့ကိုယ်သူတို့ ဉာဏ်ပိုသုံးနိုင်တယ် ထင်နေပုံပါပဲ။ တကယ်တော့ လူထုဟာ အကြမ်းဖက်စစ်တပ်ထက် ပိုပြီး ပရိယာယ်ကြွယ်ဝတယ်ဆိုတာ ကျနော်တို့ သပိတ်အင်အားစုတွေအားလုံး သိရှိပြီးသား ဖြစ်ပါတယ်။ ပရိယာယ် အသုံးပြုပြီး ဆက်လက် သပိတ်မှောက်နေမယ်ဆိုတာ ယုံကြည်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်ထုတ်ကုန် ၈ မျိုးဖြစ်တဲ့ မြန်မာဘီယာ၊ Andaman Gold၊ ဒဂုံဘီယာ၊ Mandalay Rum, Black Shield Stout, Army Rum, Red Ruby နဲ့ Premium Gold စီးကရက် အဲဒီ ထုတ်ကုန်တွေ အားလုံးကို ပြည်သူတွေ လုံးဝမသုံးစွဲဘဲ သပိတ်မှောက် ဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေတာပါ။

သြဂုတ်လကနေ နောက်ထပ် ၂ လအတွင်း တပ်ပိုင်ကုန်စည်တွေရဲ့ ရောင်းအား ၇၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းအောင် သပိတ်မှောက်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ရည်ရွယ်ထားပါတယ်။

Red Ruby အပါအဝင် ဒဂုံဘီယာ စတဲ့ ထုတ်ကုန်တွေက ဈေးသက်သာတာကြောင့် ဝင်ငွေနည်းသူတချို့နဲ့ တော်လှန်ရေးစိတ် နည်းသူတချို့ သုံးစွဲကြပေမဲ့ အရင်လောက် ရောင်းအားမကောင်းဘူးလို့ Boycott ကမ်ပိန်း လုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

“အချိန်ကြာလာတဲ့အခါ ပြည်သူတွေအနေနဲ့ ရွေးချယ်ခွင့် နည်းတာရယ်၊ တော်လှန်ရေးစိတ်ဓာတ် ပြင်းပြမှု နည်းသူတချို့က ပြန်သုံးကြတာ ရှိပါတယ်။ အခြေခံ ပြည်သူတွေဆီမှာ မြင်ရတာက ဥပမာ- Red Ruby စီးကရက်နဲ့ Andaman Gold, ဒဂုံဘီယာ တို့လိုမျိုးပေါ့။ ဈေးနှုန်းသက်သာပြီး စီးကရက် ဘီယာ သုံးစွဲချင်တဲ့ ဝင်ငွေနည်းသူတချို့က ပြန်သုံးကြတာပါ။ ဒါပေမဲ့ အရင်လို ရောင်းအားတော့ ပြန်မရပါဘူး။”

“ပြည်သူတွေကို အဓိက Boycott လုပ်စေချင်တာက ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အန္တရာယ်လည်း ဖြစ်စေတဲ့ ဆေးလိပ် အရက် ဘီယာတွေ လောင်းကစားဝိုင်းတွေ မူးယစ်ဆေးတွေ လုံးဝ ရှောင်စေချင်ပါတယ်။ ကျနော်တို့တိုင်းပြည်နဲ့ ပြည်သူတွေ လူတန်းစေ့နေနိုင်ဖို့ အကုန်လုံး ပါဝင်ပေးဖို့ လိုပါတယ်။ ပါဝင်ပေးကြပါ။ Boycott လုပ်တာ အထိရောက်ဆုံး နည်းလမ်းပါ။ တော်လှန်ရေးမှာ ငွေမလိုဘဲ ရန်သူကို အားနည်းချည့်နဲ့စေမယ့် လုပ်ရပ်ကလည်း ထိရောက်စွာ ပါဝင်တာပါပဲ။ Boycott လုပ်ပါ။ လုပ်နိုင်အောင်လုပ်ပါ။ လုပ်ဖြစ်အောင် လုပ်ပါ” လို့ Mayangone Democratic Front (MDF) အဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း Mayangone Democratic Front (MDF) အဖွဲ့နဲ့ Kyimyindaing Networks (KMD18) တို့ပူးပေါင်းပြီး “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်မြို့ လူစည်ကားတဲ့ နေရာတွေမှာ လုပ်ဆောင်ခဲ့ပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက ပြည်တွင်းက အရက်ဘီယာဆိုင် အားလုံးနီးပါးကို သူတို့ရဲ့ ထုတ်ကုန်တွေ မဖြစ်မနေ ရောင်းချဖို့၊ မရောင်းရင် ဆိုင်လိုင်စင်ပိတ်သိမ်းတာ၊ ဖမ်းဆီး ထောင်ချတာတွေ လုပ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ပြည်တွင်း အဖျော်ယမကာ လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

လက်တွေ့ မြေပြင်မှာတော့ စစ်တပ်နဲ့ ဆက်စပ်အသိုင်းအဝိုင်းနေရာတွေမှာ စစ်တပ်ထုတ်ကုန် တချို့ကို ပေါ်ပေါ်ထင်ထင် ရောင်းတာရှိသလို ဈေးကွက်ထဲမှာ တခြားလုပ်ငန်း ထုတ်ကုန် ပုံစံပြောင်းပြီး ရောင်းချတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013