DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာလမ်း ၂ လမ်းကို စစ်တပ်က ဖျက်ဆီး 
DVB
·
August 21, 2023
ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာလမ်း ၂ လမ်းကို စစ်တပ်က ဖျက်ဆီး 
1 / 3
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာ အနောက်ဘက် ကျစ်ပြင်ရွာကိုသွားတဲ့ လမ်းနဲ့ ကုန်းရွာ မြောက်ဘက် ငါးချဉ်ချောင်းရွာကိုသွားတဲ့ လမ်းတွေကို စစ်တပ်က သြဂုတ် ၉ ရက်မှာ လာရောက်ဖျက်ဆီးသွားပြီးနောက် ပြန်ပြုပြင်ခွင့်မပေးတာကြောင့် ဒေသခံတွေ စားနပ်ရိက္ခာ ဝယ်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် ရေနံမှော်က ရေနံဆီတင်တဲ့ကားတွေ ကဇွန်းမလမ်းကိုမဖြတ်ဘဲ ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာလမ်းတွေကို အသုံးပြုသွားတာကြောင့် ကဇွန်းမလမ်းဂိတ်မှာ ဂိတ်ကြေးမရတော့တဲ့အတွက် အခုလို လာဖျက်ဆီးခဲ့တာလို့ ကုန်းရွာဒေသခံတဦးက ဆိုပါတယ်။

ကုန်းရွာဒေသခံ အမျိုးသားတဦးက “ရေနံမှော်က ဆီကားတွေက တရက်ကို သုံးစီးလောက် ဖြတ်တယ်။ ဒီဘက်အတိုင်းလာတော့ သူတို့ ဂိတ်ကြေးမရလို့ လမ်းကို လာဖျက်သွားတာ။ လမ်းက ပြင်ရင် မကြာပါဘူး။ ဒါပေမဲ့ ပြင်ရင် ရွာတွေကို မီးရှို့မယ်ဆိုလို့ ဘယ်သူမှ မပြင်ရဲကြဘူး။ မီးရှို့မယ် ဆိုတာလည်း သူတို့ပဲ သတင်းလွှင့်တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဆိပ်ဖြူမြို့နယ်ထဲက လမ်းနှစ်ခုကို ​မြေတူးစက်တွေနဲ့ သြဂုတ် ၉ ရက်ကစပြီး လမ်းသွားမရအောင် ဖျက်ဆီးခဲ့တာဖြစ်ပြီး လမ်းဖျက်ပြီးနောက် ကျစ်ပြင်ရွာ၊ ငါးချဉ်ချောင်းရွာ၊ ရွာသာကုန်းရွာ၊ သက္ကကျင်းရွာ၊ ထွန်ရွာ၊ ရှားလှရွာတွေဘက်ကို နေ့စဥ် လာနေတယ်လို့ သိရပါတယ်။

“ကျနော်တို့က အဲလမ်းကိုအသုံးပြုပြီး ဆိပ်ဖြူမြို့ပေါ်တက် စျေးဝယ်ရတာ။ စားနပ်ရိက္ခာတွေ ဝယ်ရတာပေါ့။ ခု သူတို့ လမ်းဖျက်တော့ သွားလို့ရတဲ့ရွာကလူတွေနဲ့ ရိက္ခာမှာပြီး လမ်းဆုံမှာ လှည်းနဲ့သွားယူရတာ၊ အခက်အခဲတွေ ရှိတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ကလည်း ကျစ်ပြင်ရွာ၊ ငါးချဉ်ချောင်းရွာ၊ ရွာသာကုန်းရွာ၊ သက္ကကျင်းရွာ၊ ထွန်ရွာ၊ ရှားလှရွာတွေကို လာနေတာကြောင့် စစ်ဆေးမေးမြန်းမှာကို စိုးရိမ်နေရပြီး လယ်လုပ်ဖို့လည်း အဆင်မပြေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ဖျက်ဆီးလိုက်တဲ့ ဆိပ်ဖြူမြို့နယ်ထဲက လမ်းနှစ်ခုဟာ ရွာသားတွေ အသုံးပြုနေတာ ကြာပြီဖြစ်ပြီး အရင်အစိုးရလက်ထက်က ကတ္တရာခင်းဖို့ ခွင့်ပြုမိန့် ကျထားတဲ့လမ်း ဖြစ်ပေမဲ့ စစ်တပ်က အာဏာသိမ်းသွားတာကြောင့် လမ်းတလမ်းသာ ကတ္တရာခင်းထားရသေးတယ်လို့ သိရပါတယ်။

Photo : We Love Seik Phyu Group

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013