DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ မီးရထားလမ်းဘေး ကျေးရွာများကို စစ်တပ်က နယ်မြေရှင်းလင်း မီးရှို့ ဖျက်ဆီးနေ
DVB
·
August 21, 2023
စစ်ကိုင်းတိုင်း၌ မီးရထားလမ်းဘေး ကျေးရွာများကို စစ်တပ်က နယ်မြေရှင်းလင်း မီးရှို့ ဖျက်ဆီးနေ
Donate to DVB

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ဖို့ စစ်ကိုင်းတိုင်းအတွင်းရှိ မီးရထားလမ်း ဖြတ်သန်းရာ မီးရထားဘူတာတွေနဲ့ လမ်းဘေးကျေးရွာတွေကို စစ်ကောင်စီက ဇူလိုင်လကုန်ပိုင်းကစပြီး ဝင်ရောက် မီးရှို့ပြီး နယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံတွေနဲ့ LPDF အဖွဲ့တွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက ဝက်လက်နယ်ထဲက ရထားလမ်းဘေးကျေးရွာ ၃ ရွာက နေရာ ၄ ခုကို ပစ်မှတ်ထား ရှင်းလင်းခဲ့ပြီး အိမ်ခြေရာနဲ့ချီ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေအတွက် ကားလမ်းနဲ့ ရေလမ်းကနေ ထောက်ပို့လုပ်ရတာ အဆင်မပြေတော့တာကြောင့် ရထားလမ်းကနေ ထောက်ပို့လုပ်နိုင်ဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ စစ်ကိုင်းဒေသခံတွေက သုံးသပ်ပါတယ်။

ဝက်လက် LPDF ခေါင်းဆောင် ဗိုလ်ကျားကြီးက “စစ်ကောင်စီရဲ့ ထောက်ပို့လမ်းလည်း ဖြစ်နိုင်သလို စီးပွားရေးလမ်းလည်း ဖြစ်နိုင်တယ်။ မီးရထားပြေးဆွဲမှု လုပ်ချင်တာနဲ့ အဓိကကတော့ သူတို့ဘူတာတွေကို အဓိကထားပြီး ချေမှုန်းနေတာပဲ။ အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ သူတို့ မီးရထားပြေးဆွဲတာကို ဒီဘက်က အဖွဲ့အစည်းတွေ မကပ်နိုင်အောင်လို့ ရွာတွေခံကတုတ်မဖြစ်အောင် သူတို့ရှင်းလင်းနေတဲ့သဘော၊ အဲ့ရွာတွေကို မီးရှို့တယ်၊ သလင်းခါအောင်ပစ်တယ်၊ ခိုအောင်းတဲ့ပုံတွေ ဖြစ်မှာစိုးလို့ အဲ့လိုတွေ စပြီးတော့ ရှင်းလင်းနေတယ်” လို့ ပြောပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်ဖို့ ကြိုးစားနေတဲ့ မီးရထားလမ်းပိုင်းဟာ မန္တလေးကနေ အောက်မြန်မာပြည် ရန်ကုန်၊ မန္တလေးကနေ အထက်မြန်မာပြည် မြစ်ကြီးနားအထိ ချိတ်ဆက်နေတဲ့လမ်းပိုင်း ဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်က ဒီလမ်းပိုင်းကနေ စစ်တပ်က သစ်၊ ကျောက်စိမ်း၊ ကျောက်မီးသွေးနဲ့ စားနပ်ရိက္ခာတွေ အဓိကထား သယ်ဆောင်ခဲ့တာပါ။ စစ်ကောင်စီက လတ်တလောမှာ မီးရထားလမ်းကို ပြန်အသက်သွင်းဖို့ ကြိုးစားနေတာဟာ တိုက်ပွဲတွေအတွက် ရိက္ခာထောက်ပို့နိုင်ဖို့၊ အရင်လို အဖိုးတန်ကုန်ပစ္စည်းတွေ သယ်ယူနိုင်ဖို့နဲ့ မီးရထားဝန်ထမ်းတွေ CDM ဝင်ထားတာကြောင့် ရပ်တန့်နေတဲ့ လုပ်ငန်းကို နိုင်ငံတကာအမြင်မှာ အသက်ရှိကြောင်း ပြန်လည်ပြသနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေ ဖြစ်နိုင်တယ်လို့ PDF ခေါင်းဆောင်တွေက ခန့်မှန်းပါတယ်။

ဗိုလ်ကျားကြီးက “အရင်ဆုံးကို ရှင်းလင်းရေးလုပ်နေတာ မီးရထားလမ်းတလျှောက်လုံးကို တပ်တွေ အကုန်မချနိုင်ဘူး။ မချနိုင်တော့ သူတို့ ပြင်ဆင်နိုင်ပြီး သွားလာဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူးဗျ။ ၈ လပိုင်းကျမှ တော်တော်များများ အကြမ်းဖက်ပြီး ရှင်းလင်းရေး ဝင်လာတာ။ ၇ လပိုင်းထဲက ပဒူရွာကို ဝင်တယ်၊ အိမ်ခြေ ၂,၀၀၀ လောက်ရှိတာ ရာဂဏန်းလောက် ကျန်တော့တာဗျ။ ပဒူပြီးတော့ ခက၊ ခကပြီးတော့ အနောက်ဘက်က စမွန်း ဆိုတဲ့ရွာဆိုတာလည်း သံလမ်းနဲ့ သိပ်မဝေးတော့ ရှင်းလင်းရေးလုပ်တယ်။ ၄ နေရာလောက် ဖျက်ဆီးပြီးနေပြီ၊ အိမ်ခြေပေါင်းက ရာချီနေပြီဗျ” လို့ ပါတယ်။

ကန့်ဘလူ PDF အဖွဲ့ဝင် ကိုအနန္တကလည်း “ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်း ဆိုရင်လည်း လူဦးရေ အထူထပ်ဆုံးနေရာတွေပဲဗျာ၊ သံလမ်းဘေးတလျှောက်ကလေ။ ကန့်ဘလူ မြောက်ဘက်ခြမ်းလည်း ဒီအတိုင်းပဲ၊ လူဦးရေ အထူထပ်ဆုံး နေရာတွေပေါ့။ ဇော်ချောင်းတို့ ချက်ကင်းတိုက်နယ်တို့ ဆိုတာက တကယ့် မီးရထားလမ်းဘေးဗျာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ ကန့်ဘလူမြို့နယ်အနေနဲ့ တမြို့နယ်လုံး အတိုင်းအတာအနေနဲ့ ဖြစ်သွားနိုင်တယ်။ ရထားဖြတ်သွားမယ် ဘာညာဆိုတာကတော့ ကျနော်တို့ကတော့ သိပ်စိုးရိမ်မှုမရှိဘူးပေါ့နော်။ ကျနော်တို့ နယ်မြေအနေအထားနဲ့ ဆိုရင်တော့ မီးရထားပြေးဆွဲဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်က မြန်မာစစ်တပ်ဟာ ရထားလမ်းကနေတဆင့် နိုင်ငံဘဏ္ဍာနဲ့ နိုင်ငံတဝန်းက စစ်သားတွေကို ရိက္ခာ၊ လက်နက် ထောက်ပို့ဖြန့်ဝေခဲ့ပြီး အာဏာသိမ်းလိုက်ချိန်မှာ မီးရထားဝန်ထမ်းအများစု CDM ဝင်ခဲ့တာက သူတို့ ယန္တရားလည်ပတ်မှုအပေါ် ကြီးမားတဲ့သက်ရောက်မှု ဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက “မြန်မာပြည်အထက်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း နေရာတွေကို စစ်ဆင်ရေးလုပ်နိုင်ဖို့အတွက် ထောက်ပို့လမ်းကြောင်းကို စပြီးတော့ သူတို့ လုံခြုံအောင်လုပ်တယ်၊ ရှင်းလင်းတယ်လို့ ကျနော်တို့ကတော့ ယူဆတယ်။ ထောက်ပို့လမ်းကြောင်းတွေအတွက် မီးရထားလမ်းကို အသုံးပြုတာက ဒုတိယကမ္ဘာစစ်ကလည်း ရှိခဲ့တာပဲဗျာ။ ဒါက ကုန်ကျစရိတ်နည်းပြီးတော့ ပစ္စည်းများများ သယ်ဆောင်နိုင်တဲ့ ခရီးလမ်း ဖြစ်တာပေါ့။ သူတို့အတွက် သယ်ယူပို့ဆောင်ရေး ခက်ခဲလာတဲ့ အခြေအနေမှာ မီးရထားလမ်းပိုင်းကို ပြန်ပြီးသုံးဖို့ တခါ သူတို့ကြံကြပြန်တယ်ပေါ့” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်း ဒေသတွေမှာ ရိက္ခာထောက်ပို့လုပ်ငန်းတွေ လုပ်ဖို့ လေကြောင်း၊ ရေကြောင်း၊ ကားလမ်း စတာတွေကို နည်းလမ်းစုံ အသုံးပြုခဲ့တာပါ။

ဒေသခံကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီ လမ်းကြောင်းတွေကို အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမြင့်လာတာတွေကြောင့် ကုန်ကျစရိတ်နည်းပြီး ကုန်ပစ္စည်းများများ သယ်နိုင်မယ့် မီးရထားလမ်းကြောင်းကို ပြန်အသက်သွင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013