
ရုရှားနိုင်ငံ၊ ကာ့စ်ခ်မြို့ရဲ့ ရထားဘူတာရုံတခုမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် လူ ၅ ဦး ဒဏ်ရာရရှိကာ မီးလောင်ကျွမ်းခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
သြဂုတ် ၂၀ ရက်က အခင်းဖြစ်ပွားပြီး နောက်ဆက်တွဲအခြေအနေကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ရိုမာ စတာရော့ဗွိုက်ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဓာတ်ပုံတွေနဲ့အတူ ပြသထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အတွင်း မတူညီတဲ့ ဒေသ ၃ ခုမှာ ယူကရိန်းဒရုန်းတွေရဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ရုရှားဘက်က ပြောကြားပါတယ်။
ဒါကြောင့် ရုရှားနိုင်ငံမှာ လေယာဉ်ခရီးစဉ်တွေရဲ့ လမ်းကြောင်းပြောင်းပေးဖို့အတွက် လေဆိပ် ၂ ခုကို ယာယီပိတ်ထားတယ်လို့ ဆိုပါတယ်။
ကာ့စ်ခ်ဒေသလိုမျိုး ယူကရိန်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရော့စ်တော့ဗ်ဒေသမှာပါ ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ သိရပါတယ်။
မော်စကိုဒေသမှာတော့ လူနေမထူထပ်တဲ့ ဧရိယာအတွင်း ယူကရိန်းဒရုန်းတစင်း ပျက်ကျသွားအောင် ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပေးပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ကာ့စ်ခ်ရထားဘူတာရုံရဲ့ တည်နေရာအပေါ် အတည်ပြုနိုင်ခဲ့ပေမဲ့လည်း ဓာတ်ပုံရိုက်ကူးထားတဲ့ နေ့ရက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။
Source - Reuters










