နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းအရ ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ် ကိုင်ဆောင်ထားတာကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ ဗဟိုဘဏ်က ထပ်မံ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားတဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းအရ ပြည်တွင်းနေထိုင်သူတဦးဟာ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကို ၆ လအထိ ကိုင်ဆောင်ခွင့်ရှိပြီး ကာလကျော်တဲ့အထိ အသုံးမပြုပါက ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချတာ ဒါမှမဟုတ် ဘဏ်စာရင်းထဲ ထည့်သွင်းရမယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
ဒါ့ကြောင့် အဲဒီစည်းမျဉ်းအရ ဖောက်ဖျက်ကျူးလွန်သူတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က သတိပေးချက် ထပ်မံ ထုတ်ပြန်လာတာပါ။
နိုင်ငံခြားငွေရောင်းဝယ်မှု လုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ လုပ်ငန်းလိုင်စင် ရရှိထားသူတွေကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရရှိသူတွေက နိုင်ငံခြားငွေသားနဲ့ ခရီးသွားချက်လက်မှတ်တွေကိုသာ ရောင်းဝယ်ခွင့်ရှိကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တရားမဝင် ငွေလဲလှယ်နေသူတွေရဲ့ ဈေးကစားမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ပြည်ပကို ထွက်ခွာမယ့်သူတွေအတွက် နိုင်ငံတကာငွေပေးချေမှုကတ်တွေအပြင် အသေးသုံး နိုင်ငံခြားငွေ ငွေသားတွေ ဝယ်ယူနိုင်ဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့မဟုတ်) AD လိုင်စင်ရ ဘဏ်တွေရဲ့ Money Changer ကောင်တာတွေမှာ တဦးကို အမေရိကန်ဒေါ်လာ ၃၀ဝ ကနေ ၅ဝဝ ခန့်နဲ့ ညီမျှတဲ့ နိုင်ငံခြားငွေ ငွေသားကို ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကစပြီး ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေရဲ့ Money Changer ကောင်တာတွေမှာ ‘ငွေကြေးအမျိုးအစား ၇ မျိုးဖြစ်တဲ့ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နဲ့ ဂျပန်ယန်းတို့ကို ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ နိုင်ငံတကာရဲ့ မြန်မာ့စီးပွားရေးအပေါ် အရေးယူပိတ်ဆို့မှုတွေ၊ နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေမှု အကျိုးဆက်တွေကြောင့် မြန်မာကျပ်ငွေတန်ဖိုးဟာ ဆက်တိုက် ထိုးဆင်းနေခဲ့တာဖြစ်ပြီး နိုင်ငံခြားငွေစျေးကွက်နဲ့ ရွှေဈေးကွက် ကမောက်ကမ ဖြစ်နေပါတယ်။
အမေရိကန် တဒေါ်လာကို ၃,၉၀၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ်ငွေ တဘတ်ကို မြန်မာငွေ ကျပ် ၁၀၀ ကျော်၊ အခေါက်ရွှေ တကျပ်သားကို ကျပ် ၃၉ သိန်းအထက်မှာ မြင့်တက်ရောက်ရှိနေပြီး ပြည်ပက တင်သွင်းရတဲ့ လောင်စာဆီ၊ ဆေးဝါးပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေအပြင် ဆန်၊ ဆီနဲ့ အခြေခံစားသောက်ကုန်တွေလည်း ပြည်တွင်းမှာ စျေးနှုန်း အဆမတန် မြင့်တက်နေပါတယ်။
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်း စံချိန်တင် ထိုးတက်နေချိန်မှာ စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ယူပြီး ပြည်ပငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်တွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။