DVB Logo
Home
မြန်မာသတင်း
တရုတ်အာလူးများစျေးကွက်ထဲဝင်လာပြီး ​ဒေသထွက်အာလူးစျေးကျ
DVB
·
August 20, 2023
တရုတ်အာလူးများစျေးကွက်ထဲဝင်လာပြီး ​ဒေသထွက်အာလူးစျေးကျ
Donate to DVB

ပြည်တွင်းစျေးကွက်ထဲကို တရုတ်အာလူးတွေ ဝင်ရောက်လာတာနဲ့ ရာသီဥတုအခြေအနေ ပြန်မှန်လာတာကြောင့် ဒေသထွက်အာလူးစျေးနှုန်းကျဆင်းခဲ့တယ်လို့ အာလူးစိုက် တောင်သူတွေဆီက သိရပါတယ်။

အောင်ပန်းကုန်စည်ဒိုင်တွေရဲ့စျေးနှုန်းအရ ဇူလိုင်လအကုန်က ဒေသထွက် အာလူးစျေးနှုန်းဟာ အမျိုးအစားပေါ်လိုက်ပြီး ၁ ပိဿာကို ကျပ် ၃၀၀၀ ကနေ ၃၂၀၀ အထိရှိခဲ့ရာက အခု သြဂုတ်လမှာ ၁ ပိဿာကို ကျပ် ၂၂၀၀ ကနေ ၂၄၀၀ အထိ ကျဆင်းသွားပါတယ်။

အာလူးစိုက်တောင်သူတယောက်က "ဇူလိုင်အကုန်က မုန်တိုင်းမိုးက ဆက်တိုက်ရွာလို့ အာလူးတူးလို့ အဆင်မပြေလို့ စျေးကတက်သွားတာ။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာကလည်း အာလူးအထွက်နည်းပြီး စျေးကောင်းတဲ့အချိန်တွေပေါ့။ အခုကျတော့ တရုတ်အာလူးတွေက စျေးကွက်ထဲ ဖော်သီလျှံသီဝင်လာတဲ့အပြင်ကို ရာသီဥတုကလည်း ပုံမှန်ဖြစ်သွားတော့ စျေးကထိုးကျသွားတာပါ။ နောက်ပြီး ဒီဘက်ဒေသတွေမှာလည်း ရာသီဥတုကောင်းတာနဲ့ တပြိုင်တည်းတူးကျတယ်လေ။ နည်းနည်းပေါသွားတာပေါ့။ ခုလက်ရှိစျေးကလည်း ကျနော်တို့အတွက် ကိုက်ပါတယ်။ ၂၀၀၀ အောက်ဖြစ်ရင်တော့ အဆင်မပြေတော့ဘူးပေါ့" လို့ ပြောပါတယ်။

အာလူးစျေးနှုန်းဟာ လက်ရှိမှာ ကျဆင်းနေပေမယ့် အရင်နှစ်ကနဲ့စာရင် စျေးနှုန်းမြင့်နေဆဲ ဖြစ်တယ်လို့ အာလူးကုန်သည်များကပြောပါတယ်။

ပြည်တွင်းမှာတော့ တရုတ်အာလူးတွေကို စားသုံးတာများပြီး ဒေသထွက် အာလူးတွေကိုတော့ အာလူးကြော်ထုတ်လုပ်ရာမှာပဲ အဓိကထားသုံးတယ်လို့ သိရပါတယ်။

ကုန်စိမ်းရောင်းဝယ်သူတယောက်က "တရုတ်အာလူးက အရည်အသွေးမကောင်းပေမယ့် အလုံးကြီးပြီးသန့်တော့ စားသုံးတဲ့သူ အရမ်းများပြီး ဝယ်ကြတာပေါ့။ အားလူးကြော် သမားတွေကတော့ မြန်မာအာလူးပဲသုံးသလို တချို့ကလည်း မြန်မာအာလူးပဲ သီးသန့်လာဝယ်ကြတယ်။ လက်ရှိမှာတော့ တရုတ်အာလူးနဲ့မြန်မာအာလူး စျေးနှုန်းက ၂၄၀၀ ပတ်ချာလည်နားမှာပဲရှိတယ်။ ခုလက်ရှိ တရုတ်အာလူးတွေ အများကြီး ဆက်ဝင်နေလို့ စျေးပြန်တက်ဖို့မရှိတော့ပါဘူး” လို့ ပြောပါတယ်။

ဒေသထွက်အာလူးတွေ ဖောဖော်သီသီပေါ်ပြီး ၂၀၀၀ ကျပ်ဝန်းကျင်ဖြစ်သွားရင်တော့ တရုတ်အာလူးတွေရောင်းဖို့အဆင်ပြေမှာမဟုတ်တော့ဘဲ လက်ရှိငွေကြေးစျေးအရရော ပို့ဆောင်ရေးစရိတ်တွေ​ကြောင့် တရုတ်အာလူးစျေးကတော့ ဒီထက်ကျဖို့ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

အာလူးစျေးကွက်သုံးသပ်သူတယောက်ကတော့ အခုနှစ်မှာ မိုးကြိုအာလူးစိုက်ပျိုးတဲ့သူ နည်းပါးတာကြောင့် စျေးနှုန်းမြင့်သွားပြီး တရုတ်အာလူးတွေ ပြည်တွင်းစျေးကွက်ကို ဝင်ရောက်လာတာဟာ စားသုံးသူတွေအတွက် အဆင်ပြေစေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာလူးကို ရှမ်းပြည်နယ်မှာ ရေသွင်းစိုက်ပျိုးတဲ့ ရေအာလူးနဲ့ ကုန်းတွင်းပိုင်းမှာ စိုက်ပျိုးတဲ့ မိုးအာလူးလို့ အဓိကစိုက်ပျိုးကြပြီး ဧရာဝတီ၊ မန္တလေးနဲ့ မကွေးတိုင်းဒေသတို့က ကျွန်းမြေနဲ့သဲချောင်းတွေမှာလည်း စိုက်ပျိုးကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013