DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၊ ရွာကိုမီးရှို့
DVB
·
August 20, 2023
ဗန်းမော်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၊ ရွာကိုမီးရှို့
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာကို ဩဂုတ် ၁၈ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတချို့ကိုလည်း ဖမ်းဆီးသွားပါတယ်။

ညနေ ၄ နာရီဝန်းကျင်လောက်မှာ စင်းခန်းကနေတက်လာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စု ရောက်ရှိလာပြီးနောက် ဧရာဝတီမြစ်ဘေးမှာရှိတဲ့မြလယ်ကျေးရွာကို မီးရှို့ပြီး တဖက်ကမ်းမှာရှိတဲ့ ဘူးဒေါင်းရွာက ဒေသခံတချို့ကို သင်္ဘောလုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

 ဒေသခံတယောက်က “မြလယ်အဝင်ဘက်မှာ ပစ်ကြတာတဲ့၊ ညနေ ၄ နာရီ လောက်မှာတော့ သင်္ဘော မြလယ်ကိုရောက်လာတယ်၊ သင်္ဘောကနေ ဆင်းပြီးတော့ ရွာကိုမီးရှို့နေတယ်ဆိုပြီး ကြားရတယ်၊ ဘူးဒေါင်းဘက်ခြမ်းကိုတော့ ဒီနေ့ မနက်ပိုင်း ၇ နာရီလောက် ရောက်လာတာတဲ့။ ကချင်ကောင်လေးတယောက်ရယ်၊ လီဆူ သင်းအုပ်ဆရာ တယောက်ရယ်၊ လီဆူ အမျိုးသားတယောက်ရယ်၊ မိန်းကလေး အပျိုတယောက်ရော ဖမ်းခေါ်သွားတယ်လို့ ကြားတယ်၊ အိမ်တွေကိုကော တအိမ်ဝင်တအိမ်ထွက် လိုက်ဝင်နေတာတဲ့” လို့ ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဘူးဒေါင်းကျေးရွာက ပြည်သူ ၄ ယောက်အပါအဝင် ရွာတွေမှာကျန်ခဲ့တဲ့ ပြည်သူတွေကိုဖမ်းဆီးထားသလို မြလယ်၊ ဘူးဒေါင်းနဲ့ နခုပ်ကျေးရွာတို့က အုပ်ချုပ်ရေးမှုးတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဗန်းမော် KPDF တပ်ဖွဲ့ဝင်တယောက်ကလည်း စင်းခန်းတံတားမှာရပ်နားထားတဲ့ စစ်ကောင်စီသင်္ဘောအုပ်စု အထက်ကိုဆန်တက်နိင်ဖို့ရန်အတွက် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ဩဂုတ် ၁၈ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းက မြလယ်၊ ကောင်းတုံ၊ ဘူးဒေါင်းကျေးရွာ ပတ်ဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

“လေယာဉ်က မနက် ၄ ခွဲမှာ တကြိမ်လာကြဲတယ်။ ၃ စင်းနဲ့ပေါ့။ ပြီးတော့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ တကြိမ်ထပ်လာကြဲတယ် ဒီ မြလယ်၊ ကောင်းတုံ၊ ဘူးဒေါင်းဘက်ကိုပဲ၊ ဒုတိယအကြိမ်ကြဲတော့ ၅ စင်းလောက် ဖြစ်မယ်ထင်တယ်။ မိုးရွာသလိုကို လာကြဲသွားတာ” လို့ ပြောပါတယ်။

ပထမအကြိမ်လေယာဉ်နဲ့ ဗုံးလာကြဲပြီးနောက် မနက် ၇ နာရီခွဲအချိန်လောက်ကစတင်ပြီး ဗန်းမော်မြို့ပေါ်မှာရှိတဲ့ တပ်စခန်းတွေနဲ့ မံစီမြို့ပေါ်မှာရှိတဲ့ တပ်စခန်းတွေကနေ သင်္ဘောအုပ်စုလာရာလမ်းကြောင်းဘက်ကို ဦးတည်ပြီး လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခဲ့တာကြောင့် မြလယ်၊ ဘူးဒေါင်း၊ စာပုတီး၊ ကောင်းတုံ၊ ညောင်ပင်သာ၊ ကဗ္ဗနီ၊ တိန်လိန်နဲ့ ကန်ကြီးကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း ဗန်းမော် KPDF တပ်ဖွဲ့ဝင်တွေကနေသိရပါတယ်။

ဗန်းမော်နဲ့မံစီတပ်စခန်းတွေကနေ ပစ်ခတ်လိုက်တဲ့ စစ်ကောင်စီလက်နက်ကြီးတွေ ကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲတာကြောင့် တိန်လိန်ကျေးရွာနဲ ကန်ကြီးရွာက ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်နေ့ ညတုန်းကလည်း ခင်စခန်းမှာ ရပ်နားထားတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုကတပ်သားတွေဟာ ဇင်းဘုန်ရွာကို ခြေလျင်နဲ့ ပြန်လှည့်ပြီး မီးရှို့ ခဲ့တာကြောင့်‌ နေအိမ် ၃၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013