
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ယာယီပျံကျစျေးက အမှိုက်တွေကို မိုခါမုန်တိုင်းအပြီးကစလို့ မရှင်းလင်းတာကြောင့် ယင်ကောင်တွေကျပြီး ဈေးဝယ်သူတွေနည်းသွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
ညနေပိုင်း အသားငါးတွေရောင်းရာမှာ ယင်ကောင် အများအပြားကျတာကြောင့် အခက်တွေ့နေရတာပါ။
ကြက်သားသည်တယောက်က "ကျမတို့ ညနေစျေးရောက်တဲ့အနီးမှာ မိုခါတုန်းက အမှိုက်တွေကို စည်ပင်က ရှင်းလင်းတာမရှိသေးဘူး။ ရှင်းလင်းရင်လည်း ဟန်ပြလုပ်နေတာ။ အခုဆိုရင် မြင်ကြတဲ့အတိုင်းပဲလေ။ အသား၊ ငါးတွေမှာ ယင်ကောင်တွေ ရာထောင်ချီပြီး နားနေကြတယ်။ ဘယ်သူကလာ စျေးလာဝယ် မစားကြတောဘူး" လို့ ပြောပါတယ်။
ယာယီပျံကျစျေးဟာ စစ်တွေမြို့၊ မိဇံရပ်ကွက်က ကိုးရီးယားဆိပ်ကမ်း (ခေါ်) BXT ဆိပ်ကမ်းမှာ တည်ဆောက်နေတဲ့ ရန်ပြေမာန်ပြေဘုရားကြီးအနီးမှာ ရှိတာပါ။
စစ်တွေမြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတယောက်က "အခုလို ယင်တွေများစွာ နားနေတဲ့ စားသောက်စရာတွေ ဝယ်စားရင်တော့ ဝမ်းလျှောဝမ်းပျော့ ရောဂါတွေ ဖြစ်လာမှာပဲ။ စားသောက်စရာတွေ ရောင်းချရင်လည်း ပလပ်စတစ်တွေနဲ့ ဖုံးအုပ် ရောင်းသင့်တာပေါ့"လို့ ဆိုပါတယ်။
စစ်တွေမြို့ခံ စျေးဝယ်လာသူ အမျိုးသမီးတယောက်ကတော့ စည်ပင်က အမှိုက်မသိမ်းတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
"အရင်တုန်းက ဒီလောက်မဆိုးသေးဘူး။ မိုခါအပြီးမှာ အမှိုက်တွေ တောင်လိုပုံနေတာ။ အနံ့တွေက တော်တော်ဆိုးတယ်။ ဒီကိုးရီးယား ညစျေးမှာက ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေ စျေးတန်လို့ စစ်တွေတမြို့လုံးနီးပါး လာဝယ်ကြတာ။ အခုလို အနံ့ဆိုးတွေ ယင်ကောင်တွေကြောင့် စျေးမလာဝယ်ကြသူတွေ များလာနေတယ်"လို့ ဆိုပါတယ်။
အမှိုက်တွေကို စနစ်တကျပစ်ကြဖို့ စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကားနဲ့ မြို့ကိုပတ်ကြေညာနေပေမဲ့ ယာယီပျံကျစျေးရှေ့က အမှိုက်တွေကိုတော့ မရှင်းလင်းသေးပါဘူး။










