DVB Logo
Home
မြန်မာသတင်း
ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေကျပ် ၁၁၀ အထိမြင့်တက်လာ 
DVB
·
August 20, 2023
ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေကျပ် ၁၁၀ အထိမြင့်တက်လာ 
Donate to DVB

နိုင်ငံတကာငွေပေးချေတာတွေကို ထိုင်းဘတ်ငွေနဲ့ ရှင်းလင်းခွင့်ပြုလိုက်တယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီဗဟိုဘဏ်က  ကြေညာပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီး ‌ အခုသီတင်းပတ်ထဲမှာဆိုရင် ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေကျပ် ၁၁၀ အထိ ရှိလာပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တဦးက "ထိုင်းဘတ် အတက်နှုန်းဆို ၈၄၊ ၈၅ ကျပ်လောက်ကနေပြီးတော့ တက်သွားလိုက်တာ ၁၀၀ ကျော်ဆိုရင် ဒေါ်လာနှုန်းနဲ့ တွက်ရင် တော်တော်လေးတက်သွားတယ်လို့ ဆိုလိုတယ်။ တက်သွားတဲ့အခါကျ တော်တော်လေး ဒီအပေါ်မှာ အခက်အခဲရှိတယ်။ အရောင်းအဝယ်လုပ်တဲ့သူတွေလည်း အခက်အခဲတွေ့တယ်ဆိုတဲ့ သက်ရောက်မှုတခုက ထိသွားတဲ့အခါကျ ဆက်နွှယ်ပြီးတော့ အားလုံး အခြေခံလူတန်းစားတွေပါ ထိတယ်ဆိုတဲ့ သဘောပဲပေါ့"လို့ ပြောပါတယ်။

လတ်တလော ငွေလဲဈေးနှုန်းက ထိုင်းဘတ် ၁ ဘတ်ကို မြန်မာငွေကျပ် ၁၁၀ ဝန်းကျင်မှာ ရှိနေပါတယ်။ မြန်မာငွေ တန်ဖိုးမရှိတာကြောင့် ထိုင်းဘတ်ကို လဲလှယ်တဲ့သူ ပိုများလာတယ်လို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

"အခုလောလောဆယ် မြန်မာငွေ တသိန်းကို ထိုင်းဘတ်က ၉၂၅ ဘတ်လောက်ပဲ ရှိတော့တာကိုး။ ဒါကတော့ နယ်စပ် ပေါက်ဈေးပေါ့။ ဈေးတွေတက်တာ ဘယ်လိုဖြစ်လဲဆိုတော့ သူတက်တာ ကောင်းလားဆိုတော့ ကျနော်တို့ကတော့ မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျန်တဲ့အဘက်ဘက်က အစစအရာရာ အကုန် တက်လာတာကိုး။ အလုပ်လုပ်တဲ့သူတွေအတွက်ကတော့ အရင်ထက်စာရင် ပိုရတာပေါ့လေ။ ပိုရတယ်ဆိုပေမယ့် သူတို့ ပေးလိုက်တဲ့ ပိုက်ဆံက အရင်က တသိန်းလောက် ပေးရင် နောက်ပိုင်း မိသားစုက သဘောတခုက သုံးလို့လောက်တယ်။ အခု ၃ သိန်းပေးတယ် သူတို့ သုံးလို့ မလောက်ဘူး။ ဒီလိုတွေ ဖြစ်တာပေါ့။"

မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက် ကျဆင်းတာဟာ စစ်ကောင်စီရဲ့ ငွေကျပ် နှစ်သောင်းတန်တွေ ထုတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုဖြစ်သလို နိုင်ငံတကာကနေ စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့မှုတွေကြောင့်လည်း ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ် ပြောပါတယ်။

မြန်မာငွေ တန်ဖိုးနည်းပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း ဆက်တိုက် မြင့်တက်နေရင် ကုန်ပစ္စည်းတွေရဲ့ အရည်အသွေး ပြည့်မီမှုနဲ့ စစ်မှန်တဲ့ ပစ္စည်းတွေ ပြည်တွင်းထဲ ရောက်လာဖို့ ပိုခက်ခဲသွားနိုင်တယ်လို့ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

"ဒီရဲ့ ဂယက် ပြဿနာက နံပါတ်တစ်က ကုန်စည်တွေရဲ့ အရည်အသွေး ပြည့်မီမှုနဲ့ စစ်မှန်တဲ့ ပစ္စည်းတွေ ပြည်တွင်းထဲ ‌ရောက်လာဖို့ အခက်အခဲတခုနဲ့ အတုအပတွေ ‌ပေါ်လာမယ်ဆိုတဲ့ အနေအထားတခု လုပ်ငန်းရှင်တွေအနေနဲ့ မြင်ထားတယ်။ တွေ့လည်း ‌တွေ့လာတယ်။ ဒီလိုမျိုး တွေ့လာခြင်းဖြင့် စားသုံးသူမှာလည်း ကုန်ပစ္စည်းအတုအပတွေကို ဝယ်ပြီး သုံးဆောင်ရတယ်ဆိုတဲ့ အနေအထားတခုကို စပြီး တွေ့ရလိမ့်မယ်။"

လက်ရှိ မြန်မာ-တရုတ်နယ်စပ် ဒေသတွေမှာလည်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းပြီး တရုတ်ယွမ်ဈေး စံချိန်တင် မြင့်တက်လာလို့ အရောင်းရပ်ထားတယ်လို့ တရုတ်-မြန်မာ ငွေလွှဲ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က အမေရိကန် ၁ ဒေါ်လာကို ငွေကျပ် ၂၁၀၀ သာ သတ်မှတ်ထားပေမယ့် ဩဂုတ်လ ၁၈ ရက်အထိ ပြင်ပပေါက်ဈေးက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၄၀၀၀ ကျော်၊ ထိုင်းဘတ် ၁ ဘတ်ကို မြန်မာငွေ ၁၁၀ ကျော်နဲ့ တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ၅၄၀ ကျပ်အထိ ရှိနေပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာနဲ့ ပတ်သက်တဲ့ ထိန်းချုပ်မှုတွေကို ညွှန်ကြားချက်အမျိုးမျိုး ထုတ်ပြန်ခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစလို့ ပြည်တွင်းမှာ ရွှေဈေးနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ ဆက်တိုက် မြင့်တက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013