DVB Logo
Home
Lead Story
သမ္မတပြောသလို အကြမ်းဖက်မှုတွေဖြစ်ပွားအောင် မီဒီယာ လှုံ့ဆော်ခဲ့သလား (သုံးသပ်ချက်)
DVB
·
July 26, 2014
သမ္မတပြောသလို အကြမ်းဖက်မှုတွေဖြစ်ပွားအောင် မီဒီယာ လှုံ့ဆော်ခဲ့သလား (သုံးသပ်ချက်)
Donate to DVB

မြန်မာပြည်တွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မီဒီယာတချို့ရဲ့ ရေးသားလှုံ့ဆော်မှုတွေ ကြောင့်လို့ သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယကရဲ့ မီဒီယာတွေအပေါ် ဖြေလျှော့စဉ်းစားပေးဖို့ တောင်းဆိုတဲ့ သ၀ဏ်လွှာကို ပြန်ကြားလိုက်တဲ့ ဇူလိုင် ၂၂ရက် ရက်စွဲပါ သ၀ဏ်လွှာမှာ သမ္မတက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

News Paper and Journalသမ္မတရဲ့ ပြန်ကြားစာထဲမှာ ပြည်တွင်းပြည်ပမီဒီယာအချို့ရဲ့ အမုန်းပွားစေနိုင်တဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ လှုံ့ဆော်မှုတွေကြောင့် နိုင်ငံထဲ လူအုပ်စုချင်း အကြမ်းဖက်သတ်ဖြတ်မှုတွေ မီးရှို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

မြန်မာဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဘယ်မီဒီယာလဲ ဆိုတာ တခုချင်း ထုတ်ပြောဖို့လိုတယ်လို့ မှတ်ချက်ပေးပါတယ်။

“မီဒီယာကြောင့်ဆိုတဲ့ဟာမျိုးက သိမ်းကျုံးပြီး ပြောတဲ့ ဟာမျိုးဖြစ်နေတယ်။ ဘယ်မီဒီယာလဲ ဘယ်ဟာလဲ တခုချင်းပြောဖို့လိုတာပေါ့။ ဘယ်ဖော်ပြမှုလဲ ဆိုတဲ့ဟာမျိုး တခုချင်း တခုချင်း ပြောဖို့လိုတယ်။ တခါတလေ ဆိုရှယ်မီဒီယာတွေနဲ့ ရောထွေးပြီး ပြောနေတယ်။ တရားဝင် တာဝန်ခံပြီး ထုတ်နေတဲ့ မီဒီယာနဲ့ ဆိုရှယ်မီဒီယာ ရောထွေးပြီးပြောနေတယ်။ အဲဒါမျိုးက သဘာဝ မကျဘူး ဆိုရှယ်မီဒီယာက ကိစ္စရပ်တခုပေါ့နော်။”

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး ကလည်း ဒီလို မီဒီယာတွေဆိုပြီး သိမ်းကျုံးပြောဖို့ မသင့်ဘူးလို့ ပြောပါတယ်။

“မီဒီယာဆိုပြီး အကုန်လုံးကို သိမ်းကျုံးပြီးပြောတာ မမှန်ဘူးလို့ထင်တယ်။ တိတိလင်းလင်း ထောက်ပြရမယ်ဆိုလို့ရှိရင် ဆိုရှယ်မီဒီယာတွေမှာ တဖက်နဲ့တဖက် ပြဿ နာ ဖြစ်စေနိုင်တဲ့ အရေးအသားတွေကို ပရိုဖိုင်း အစစ်အမှန်တွေနဲ့ လူသိတဲ့သူတွေတောင်မှ ရေးနေကြသေးတာပဲ။ အဲဒါ ဘာဖြစ်လို့ အစိုးရပိုင်းအနေနဲ့ ဖိဖိစီးစီးအရေးမယူနိုင်တာလဲ။ နောက်ဆုံးဗျာ ဒီလူသိတဲ့ လူတွေအနေနဲ့ သတ်မယ်ဖြတ်မယ်လို့ ရေးနေတာတွေလည်း တွေ့နေရတာပဲဗျာ။ အဲဒါတွေကို မသိချင်ယောင်ဆောင်ပြီးတော့ မီဒီယာတခုလုံးကို သိမ်းကျုံးပြောတာကတော့ မမှန်ဘူးလို့ ယူဆပါတယ်။ မီဒီယာလွတ်လပ်ခွင့်ကို ထိပါးတာတွေ မလိုချင်ပါဘူး။ မဖြစ်စေချင်ပါဘူး။”

မြန်မာနိုင်ငံစာရေးဆရာသမဂ ဥက္ကဋ္ဌ စာရေးဆရာ ထက်မြက်ကတော့ မီဒီယာကြာင့် အကြမ်းဖက်မှု ဖြစ်တယ်ဆိုတာကို လက်မခံပါဘူး။

“ဆရာတို့ သိသလောက်ကတော့ မီဒီယာတွေကြောင့်တော့ ဒီလိုဖြစ်တယ်လို့ မယူဆဘူး။ အခုဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေက သမ္မတကြီးကိုယ်တိုင်ပြောတာကတော့ နောက်ကွယ်က လူတစုကြောင့်လို့ သူပြောတာပဲ။ နောက်ကွယ်က လူတစုကို မဖော်နိုင်ပဲနဲ့ နောက်ဆုံး မီဒီယာတွေဟာ နောက်ကွယ်က လူတစု ဖြစ်နေတယ်လို့ သမ္မတကြီး သတ်မှတ်တယ်ဆိုရင်တော့ အဲဒါကို ခိုင်ခိုင်လုံလုံ ခြေခြေမြစ်မြစ်နဲ့ ပွင့်ပွင့်လင်းလင်း ရှင်းပြဖို့ ကောင်းတယ်။ ဆရာတို့ကတော့ ဒါကို မီဒီယာတွေကြောင့် ဖြစ်တယ်လို့ မယူဆဘူး။ ဒီလို စွပ်စွဲတာကိုလည်း လက်မခံနိုင်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတာက အုပ်စိုးတဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့ သူတွေက ဒါကို အမှန်အတိုင်း ပွင့်လင်းမြင်သာစွာနဲ့ ဖြေရှင်းပေးနိုင်ဖို့ပဲ မျှော်လင့်တယ်။ အခုလို မီဒီယာတွေကို အပြစ်ပေး အရေးယူနေတာကတော့ မီဒီယာ ဖိနှိပ်မှုပဲလို့ ယူဆတယ်။ ဒါကြောင့်မို့လို့ အဲဒီသဘောထားကို လက်မခံနိုင်ပါဘူး။”

ပြည်သူ့လွှတ်တော် ပြန်ကြားဆက်ဆံယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင် သီပေါအမတ် ဦးရဲထွန်းကတော့ သမ္မတအနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်းသင့်တယ်လို့ ပြောပါတယ်။

“များသောအားဖြင့် ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆောင်တာက အင်တာနက် မှာပဲ တွေ့တာများတယ်။ အင်တာနက်မှာ ၂ ပိုင်းခွဲမယ်ဆိုရင် နာမည်နဲ့ ပရိုဖိုင်းအစစ်အမှန်နဲ့ ဗြောင်ပြောတဲ့ လူတွေ ရှိသလို၊ နာမည်နဲ့ ပရိုဖိုင်း အတုတွေနဲ့ ပြောတဲ့သူက ပိုများမယ်လို့ ထင်ပါတယ်။ နောက် မီဒီယာ နဲ့ ပတ်သက်လို့တော့ အစောပိုင်းကတော့ နည်းနည်း ရှိတယ်လို့ ကျနော်ထင်ပါတယ်။ Conflict Reporting နဲ့ ပတ်သက်လို့ရှိရင် ဘယ်လိုရေးသင့်တယ် ဆိုတာကို ကောင်းကောင်းမကျွမ်းကျင် နားမလည်တဲ့အခါကျတော့ လှုံ့ဆော်တဲ့ သဘောမျိုးသက်ရောက်တာ ရှိတယ်။ ဖတ်လိုက်လို့ရှိရင် ဘာသာဝင်တွေက နည်းနည်းမခံမရပ်နိုင်အောင် ဖြစ်သွားတာမျိုး ရှိတယ်။ ဘယ်သူ ဘယ်ဝါ ဘယ်ဂျာနယ်လဲဆိုတာ တိတိကျကျတော့ မမှတ်မိဘူး။ ရှိတာတော့ ရှိတယ်။”

ပြည်တွင်းမှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ရတာ မီဒီယာရဲ့ လှုံ့ဆော်မှုကြောင့်လို့ သမ္မတက ထုတ်ဖော်ပြောကြားလာတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013